သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားပြဿနာ Trump ကိုင်တွယ်ဖြေရှင်းမည်


 အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

ပြီးခဲ့တဲ့ အပတ်အတွင်း မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုဟာ ဒေသတွင်းက ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေတင်မကပဲ အမေရိကန်ပြည်ထောင်စုကိုပါ စိုးရိမ်မှုတွေတိုးလာစေတာပါ။ ဒီလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဂျပန်နဲ့တောင်ကိုရီးယား ၃နိုင်ငံပေါင်းပြီး လေတပ်ဗုံးကြဲလေယာဉ်တွေ ကိုရီးယား ကျွန်းဆွယ်ပေါ်ကနေ အင်အားပြပျံသန်းခဲ့ကြပါတယ်။ မြောက်ကိုရီးယားကို ဖိအားပေးရေးမှာ တရုတ်နိုင်ငံဘက်က အခုထက်ပိုပြီး တက်တက်ကြွကြွလုပ်ဖို့လည်း အမေရိကန်က တွန်းအားပေးနေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင် ကဆက်ပြီးပြောပြပါလိမ့်မယ်။

မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုဟာ ကိုင်တွယ်ဖြေရှင်းလို့ရတဲ့ကိစ္စပါလို့ အမေရိကန်သမ္မတ Donald Trump က မနေ့ကမနက်ပိုင်းမှာကျင်းပခဲ့တဲ့ သူ့ရဲ့ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ အခိုင်အမာပြောဆိုခဲ့ပါတယ်။ အဲဒီအစည်းအဝေးအပြီး သတင်းထောက် တဦးရဲ့အမေးကို သမ္မတ Trump က အခုလိုပြန်ပြီးဖြေကြားခဲ့ပါတယ်။

“မြောက်ကိုရီးယားအရေးကို ကျနော်တို့ကိုင်တွယ် သွားမယ်။ ကျနော်တို့ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ့် ကိစ္စလည်း ဖြစ်ပါတယ်။ အားလုံးကို ကျနော်တို့ဖြေရှင်းသွားမှာပါ။”

ပြီးခဲ့တဲ့သောကြာနေ့က တိုက်ချင်းပစ်ဒုံးကျည်စမ်းသတ်ပစ်လွှတ်မှု တခုကို မြောက်ကိုရီးယားက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒါဟာ ဇူလိုင်လအတွင်း ဒုတိယအကြိမ်ပစ်လွှတ်မှုလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကတော့ အမေရိကန်ပြည်ထောင်စု ပင်မ ကုန်းမြေတခုလုံးကို ပစ်နိုင်တဲ့ ဒုံးကျည်ကိုပိုင်ဆိုင်ထားပြီလို့ စနေနေ့တုန်းကပြောခဲ့ပါ တယ်။ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ ၂ဦး တနင်္ဂနွေနေ့တုန်းက အချိန်၁နာရီနီးပါး တယ်လီဖုန်းက တဆင့် စကားပြောခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေက အမေရိကန်၊ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေ အပြင်တခြားနိုင်ငံတွေကိုပါ တိုက်ရိုက်ခြိမ်းခြောက်လာနေတာဖြစ်ပြီး အားလုံးကို ထိခိုက်နစ်နာစေမယ့်လုပ်ရပ်ဖြစ်တယ်၊ မြောက်ကိုရီးယားကို သံတမန်ရေးနဲ့ စီးပွါးရေးဆိုင်ရာ ဖိအားတွေ ပိုပြီးပေးသွားကြဖို့ ဂျပန်နဲ့အမေရိကန်ခေါင်းဆောင်နှစ်ဦးက သဘောတူထားကြပါတယ်။ ပိုထိရောက်တဲ့လုပ်ရပ်တွေ ဆက်ပြီးလုပ်ဆောင်သွားမှဖြစ်မယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သမ္မတထရမ့်နဲ့တယ်လီဖုန်း ပြောဆိုပြီးတဲ့နောက် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“မဟာမိတ်နိုင်ငံတွေကို အကာအကွယ်ပေးရေးမှာ လိုအပ်သမျှ အကုန်လုပ်ပေးမယ်ဆိုတဲ့ သမ္မတထရမ့်ရဲ့ ခိုင်မာမှုကို ကျနော်တကယ်ပဲကျေနပ်အားရပါတယ်။ အခုချိန်ကစလို့ ဂျပန်နဲ့အမေရိကန် အကြားခိုင်မာတဲ့ညီညွတ်မှုအောက်မှာ စစ်ရေးအရ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေ အပြင် ကျနော်တို့ရဲ့လုပ်နိုင်စွမ်း တွေကိုလည်း တိုးမြင့်လာအောင် လုပ်ဆောင်သွားမယ်၊ မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်နေရတဲ့ ကျနော် တို့ပြည်သူတွေ ရဲ့လုံခြုံရေး အတွက်အားလုံးကိုသတိထားပြီးလုပ်ဆောင်သွားကြမယ်” လို့ ဂျပန်လိုပြောသွားခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေတိုးမြင့်လာနေတဲ့ကိစ္စကို ကိုင်တွယ် ဖြေရှင်းရေးမှာ တရုတ်နိုင်ငံရဲ့ အနေအထားကို အမေရိကန်သမ္မတထရမ့်က သဘောမကျနိုင်ပဲ ဖြစ်နေပါတယ်။

တရုတ်နဲ့ပတ်သက်ပြီး ကျနော်သိပ်ပြီး စိတ်ပျက်မိတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ကျနော်တို့အတွက် တရုတ်က ဘာမှမလုပ်ဘူး အပြောသက်သက်ပဲ ရှိတယ်။ ဒီလိုဆက်ပြီးလုပ်နေတာကို ကျနော်တို့ဆက်ပြီးခွင့်ပြုမှာမဟုတ်ဘူး။ မြောက်ကိုရီးယားပြဿနာကို တရုတ်အနေ နဲ့လွယ်လွယ်လေးဝင်ရှင်းပေးနိုင်တာလို့ သမ္မတထရမ့်က တွစ်တာ အင်တာနက်လူမှုကွန်ယက်ကနေတဆင့် စနေနေ့ တုန်းကရေးသားခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဇူလိုင်လအတွက် အလှည့်ကျဥက္ကဌအဖြစ်တာဝန်ထမ်း ဆောင် နေတဲ့ ကုလသမ္မကဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Liu Jieyi ကတော့ မြောက်ကိုရီးယားအရေးမှာ အဓိကကျ တာက တရုတ်မဟုတ်ဘူးလို့ မနေ့ကပဲ ကုလသမဂ္ဂသတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

“ကိုရီးယား ကျွန်းဆွယ်မှာ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှု တွေရှိလာဖို့၊ နျူကလီးယားလက်နက်ကင်းစင်ဖို့၊ လမ်းကြောင်းမှန်ကို ဦးတည်စေ ရေးခြေလှမ်းတွေစတင်ဖို့မှာ အဓိကကျ တဲ့နိုင်ငံတွေကတော့ မြောက်ကိုရီးယားနဲ့အမေရိကန်တို့ ပါပဲ၊ တရုတ်နိုင်ငံ မဟုတ်ပါဘူး။”

မြောက်ကိုရီးယားရဲ့လုပ်ရပ်တွေဟာ နိုင်ငံတကာငြိမ်းချမ်းရေးကို အန္တရာယ်ပေးနေပြီဆိုတာ နိုင်ငံအားလုံး အခုတော့ ရှင်းရှင်းလင်းလင်းသိနေကြပြီ။ မြောက်ကိုရီးယားအပေါ် စိတ်ရှည်သီးခံတဲ့ ဗျူဟာကျင့်သုံးမှုလည်း ကုန်ဆုံးသွားပြီလို့လောလောဆယ် Estonia နိုင်ငံမှာ အလည်ပတ်ရောက်နေတဲ့ အမေရိကန် ဒုသမ္မတ Mike Pence က တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။

သောကြာနေ့တုန်းက မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ်ဒုံးကျည်ပစ်လွှတ်ခဲ့ပြီး နောက်တရက် စနေနေ့မှာပဲ အမေရိကန် လေတပ် B1B ဗုံးကြဲတိုက်လေယာဉ်၂စီး၊ ဂျပန် F2 တိုက်လေယာဉ်၂စီးနဲ့ တောင်ကိုရီးယားက တိုက်လေယာဉ်၄စီးတို့ပေါင်းပြီး ၁၀နာရီကြာ ပူးတွဲပျံသန်းမှုကို ကိုရီးယားကျွန်းဆွယ်ပေါ်မှာ ပြုလုပ်ခဲ့ ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG