သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DV ဗီဇာကံစမ်းမဲအစီအစဉ် သမ္မတ Trump ပြစ်တင်


DV ဗီဇာကံစမ်းမဲအစီအစဉ်
DV ဗီဇာကံစမ်းမဲအစီအစဉ်

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အင်္ဂါနေ့က အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့သူလို့ သံသယရှိခံရသူဟာ ၊ DV Visa အစီအစဉ် နဲ့ အမေရိကန်ပြည်ထောင်စုကို ရောက်လာသူဖြစ်တာမို့လို့ DV Visa အစီအစဉ်ကို သမ္မတထရမ့်က ပြစ်တင်ပြောဆိုလိုက်လိုက်ပါတယ်။ ဗွီအိုအေသတင်းထောက် Steve Herman အိမ်ဖြူတော်ကနေ သတင်းပို့ထားတာကို ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

နယူးယောက်ရဲတပ်ဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်ခံလိုက်ရတဲ့နေရာကို ဗုဒ္ဓဟူးနေ့က သွားရောက်ကြည့်ရှုခဲ့တဲ့တချိန်တည်းမှာပဲ၊ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က သူ့အနေနဲ့ DV Lottery ကံစမ်းမဲအစီအစဉ်ကို ဖျက်သိမ်းဖို့ လွှတ်တော်ကို ချက်ချင်း လုပ်စေချင်တယ်လို့ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ DV ဗီဇာကံစမ်းမဲအစီအစဉ်ကြောင့် ဒီတိုက်ခိုက်မှုကိုကျူးလွန်သူလို့ သံသယရှိသူဟာ လွန်ခဲ့တဲ့ ၇ နှစ်က အမေရိကန်နိုင်ငံကို ဝင်ရောက်ခွင့်ရခဲ့တာဖြစ်တယ်လို့ သမ္မတထရမ့်က ပြစ်တင်ပါတယ်။

"DV ဗီဇာကံစမ်းမဲအစီအစဉ် ၊ ကြားရတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ မကောင်းပါဘူး။ ဘယ်တုန်းကမှ မကောင်းခဲ့ပါဘူး။ ဒါကို ကျနော်တို့ တောက်လျှောက်ကန့်ကွက်လာခဲ့တာပါ။"

သမ္မတထရမ့်ကတော့ သူ့အနေနဲ့ လူတဦးတစ်ယောက်ချင်းစီရဲ့ အရည်အချင်းပေါ်မှာ မူတည်ပြီးရွေးတာကို ပိုပြီးနှစ်သက်တယ်လို့ ပြောပါတယ်။ အဲဒီလိုလုပ်လိုက်ခြင်းအားဖြင့် အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးနဲ့ စီးပွားရေးကို ပိုပြီးကောင်းစေတယ်လို့ ပြောပါတယ်။

"ကျနော်တို့အနေနဲ့ တဦးပေါ်တဦးအခြေခံပြီး ရွှေ့ပြောင်းဝင်ရောက်လာမှု စနစ်ကြီးကို ဖယ်ရှားပစ်ချင်ပါတယ်။ ဒီရောက်လာတဲ့လူတစ်ယောက် သူနဲ့အတူ မိသားစုတွေခေါ်လာတယ်။ သူက ဒီကိုဝင်လာတဲ့သူ ဒါမှမဟုတ် ဝင်လာကြမယ့်သူ ၂၃ ယောက်ထဲက အဓိကကျတဲ့လူ၊ အဓိကဆက်သွယ်ရမယ့်လူဖြစ်နေတာက လက်ခံနိုင်စရာမရှိပါဘူူး။"

ဒါ့အပြင် သမ္မတထရမ့်က ဒီဗီကံစမ်းမဲအစီအစဉ်နဲ့ ပတ်သက်ပြီး ဒီမိုကရက်ပါတီရဲ့ ထိပ်တန် အထက်လွှတ်တော်အမတ်ကိုလည်း တွစ်တာကနေ ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။ ဒီအပေါ်မှာ ဒီမိုကရက်တွေကလည်း ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ကြပြီး၊ နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး Andrew Cuomo က သမ္မတထရမ့်ဟာ ဒီတိုက်ခိုက်မှုကို နိုင်ငံရေးအရအသုံးချနေတယ်လို့ ပြောလိုက်ပါတယ်။

"သမ္မတထရမ့် တွစ်တာကနေရေးတာတွေက အထောက်အကူမဖြစ်ပါဘူး။ အချက်အလက်အားဖြင့်လည်း မှန်တယ်လို့ မထင်ပါဘူး။ ဒါတွေက သူများကိုလက်ညှိုးထိုးပြစ်တင်ဖို့ နဲ့ နိုင်ငံရေးအရအသုံးချတယ်လို့ကျနော် ထင်ပါတယ်။ သူက DV ကံစမ်းမဲအစီအစဉ်နဲ့ဆိုင်တဲ့ ပြည်ဝင်ခွင့်မူဝါဒကို ရည်ညွှန်းပြီး၊ အဲဒီပြည်ဝင်ခွင့်ဆိုင်ရာမူဝါဒကို အတည်ပြုခဲ့တဲ့သူတွေကို ပြစ်တင်နေပါတယ်။"

DV အစီအစဉ်ကို ရပ်ဆိုင်းလိုက်လို့လည်း အမေရိကန်ရဲ့ လုံခြုံရေးတိုးတက်လာမယ်လို့ မထင်ကြောင်း George Washington တက္ကသိုလ်က အကြမ်းဖက်ဝါဒကို လေ့လာနေတဲ့ သုတေသီ Bennett Clifford က ပြောပါတယ်။

"လူတွေအနေနဲ့ဆိုရင် ကျနော်တို့ဟာ ပြည်ပကနေ ဒီကိုလာကြတဲ့လူတွေဆီကပဲ နိုင်ငံတကာအကြမ်းဖက်ဝါဒပြဿနာကို ရင်ဆိုင်နေရတာမဟုတ်ပါဘူး။ ဒီပြဿနာက ပြည်တွင်းမှာပေါက်ဖွားတဲ့ အစွန်းရောက်အစွန်းရောက်ဝါဒထက် နည်းတယ်လို့ ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ မွေးဖွားကြီးပြင်းတဲ့သူတွေဟာလည်း ဒီလို အကြမ်းဖက်အစွန်းရောက်ဝါဒလမ်းကြောင်းအတိုင်းကို သွားနေပါတယ်။"

ဒါ့အပြင် သမ္မတထရမ့်က အမေရိကန်တရားရေးစနစ်ကိုလည်း အခြေခံအပြောင်းအလဲတွေလုပ်ဖို့ အကြံပြုလိုက်ပြီး ၊ အမေရိကန်တရားရေး စနစ် အနေနဲ့လည်း နယူးယောက်မြို့မှာ အင်္ဂါနေ့က တိုက်ခိုက်တဲ့သူလို့ အကြမ်းဖက်သမားတွေကို မြန်မြန်ဆန်ဆန် နဲ့ ပြင်းပြင်းထန်ထန် အရေးယူကိုင်တွယ်ဖြေရှင်းဖို့လိုအပ်တယ်လို့ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG