သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြစ်မရှိကြောင်း Donald Trump တရားရုံးထွက်ဆို


အမေရိကန်သမ္မတဟောင်း Donald Trump ပြည်ထောင်စုတရားရုံးမှာ အပြစ်မရှိကြောင်း ကြားနာလျှောက်လဲစဥ်။
အမေရိကန်သမ္မတဟောင်း Donald Trump ပြည်ထောင်စုတရားရုံးမှာ အပြစ်မရှိကြောင်း ကြားနာလျှောက်လဲစဥ်။

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ကို ပြောင်းလဲပြီး အာဏာကို ထိန်းချုပ်ဖို့ ကြိုးစားမှုနဲ့ ဖက်ဒရယ်တရားရုံးက သူ့အပေါ် တရားစွဲဆိုထားတာ အတွက် အပြစ်မရှိကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့ ဝါရှင်တန်ဒီစီ တရားရုံးတော် တရားသူကြီး Moxila Upadhyay ရှေ့မှောက်မှာ လျှောက်လဲခဲ့ပါတယ်။

သမ္မတဟောင်း ထရမ့်ဟာ သမ္မတတာဝန်ပြီးဆုံးချိန်ကစပြီး ၂ နှစ်ခွဲလောက်ကြာမှ အခု ဝါရှင်တန်ဒီစီမှာ တရားရင်ဆိုင်ဖို့ ပြန်ရောက်လာတာပါ။ သူနဲ့အနီးကပ် လုပ်ကိုင်ခဲ့သူတွေရဲ့ သက်သေထွက်ဆိုချက်တွေ၊ ပြန်ပြောပြချက်တွေကို လနဲ့ချီ ကြားနာ စစ်ဆေးခဲ့ပြီးတဲ့ နောက် ရွေးကောက်ပွဲ မသမာမှုဆိုင်ရာ ရာဇဝတ်မှု ၄ မှုနဲ့ တရားရေးဌာန အထူးစုံစမ်းစစ်ဆေးသူ Jack Smith က အမှုဖွင့် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

လအတော်ကြာ တရားစွဲဆိုမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ထရမ့်အတွက် အခုတရားရုံး လျှောက်လဲမှုကတော့ ၄ လတာ ကာလအတွင်း တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ သမ္မတဟောင်းထရမ့်ဟာ ရုံးတော်မှာ လက်ဗွေယူတာနဲ့အတူ သူ့ရဲ့ ကိုယ်ရေးအချက်လက် အသေးစိတ်အပါအဝင် တရားရင်ဆိုင်ရသူတွေကို မေးလေ့ရှိတဲ့ မေးခွန်းတွေကို ဖြေကြားရမှာ ဖြစ်ပါတယ်။

ဒီရုံးတော်ဟာ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က ရွေးကောက်ပွဲရလဒ်ကို အတည်ပြုဖို့ လုပ်ဆောင်နေချိန် ထောင်နဲ့ချီတဲ့ သူ့ကို ထောက်ခံသူတွေ ဝင်ရောက်စီးနင်းခဲ့ကြတဲ့ လွှတ်တော်နဲ့ မိုင်ဝက်လောက်ပဲဝေးတဲ့နေရာမှာတည်ရှိတာပါ။ အစိုးရရှေ့နေတွေကတော့ ဒါဟာ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီ အခြေခံအုတ်မြစ်ခိုင်မာမှုကို လျော့ပါးအောင် အဲဒီအချိန်က သမ္မတတာဝန်ထမ်းဆောင်နေဆဲ ပုဂ္ဂိုလ်တယောက်အနေနဲ့ မယုံနိုင်စရာကြိုးပမ်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့သက်တမ်း ၂၄၇ နှစ်အတွင်း သမ္မတဟောင်းတယောက်အနေနဲ့ ပထမဆုံး ရာဇဝတ်မှုခင်းနဲ့ တရားစွဲဆိုမှုခံနေရတဲ့ သမ္မတဟောင်းထရမ့်ဟာ လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲတွက် ရီပတ်ဘလစ်ကင်ပါတီရဲ့ သမ္မတလောင်းစာရင်းမှာ ထိပ်ကပြေးနေသူဖြစ်ပြီး သူဟာ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ထိပ်ကပြေးနေတဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG