သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Trump အမှု ဩဂုတ် ၁၄ရက် တရားရုံးစတင်စစ်ဆေးမည်


သမ္မတဟောင်း Donald Trump ၊ ဂျွန် ၁၃ ၊၂၀၂၃
သမ္မတဟောင်း Donald Trump ၊ ဂျွန် ၁၃ ၊၂၀၂၃

အမေရိကန် သမ္မတဟောင်း ဒေါ်နယ်ထရမ့်အပေါ်စွဲဆိုထားတဲ့ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်း တွေနဲ့ ပတ်သက်တဲ့အမှုရဲ့ ပထမဆုံးရုံးချိန်းကို လာမယ့် သြဂုတ်လ ၁၄ ရက်မှာစတင်ဖို့ ဖလော်ရီဒါ ပြည်နယ် မိုင်ယာမီက ဖယ်ဒရယ်တရားရုံးက သတ်မှတ်လိုက်ပါတယ်။ သမ္မတသက်တမ်း ကုန်ဆုံးချိန်မှာ အမျိုးသားလုံခြုံရေးအဆင့် ထိပ်တန်းလျှို့ဝှက်မှတ်တမ်းတွေကို နိုင်ငံတော် မော်ကွန်းတိုက်ကို မလွှဲပြောင်းတာ၊ မှန်မှန်ကန်ကန် သိမ်းဆည်းထားခြင်း မရှိတာတွေနဲ့ပတ်သက်ပြီး အမှုတွေနဲ့ သမ္မတဟောင်း ထရမ့်ဟာ အမှုရင်ဆိုင်ရမှာပါ။

အမေရိကန်သမ္မတထဲက ပထမဆုံးရာဇ၀တ်မှုဆိုင်ရာ ရုံးတင်စစ်ဆေးခံရတဲ့ ထရမ့်ရဲ့ အမှုဟာ အမှုသွား အမှုလာ ရှုပ်ထွေးလို့နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာနိုင်တယ်လို့ ဥပဒေရေးရာ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်တုန်းက ထရမ့်အပေါ် အမှု ၃၇ မှုနဲ့ စွဲချက်တင်တုန်းက တရားရေးဌာန အထူးရှေ့နေကြီး ဂျက်စမစ်က "အမြန်ရုံးတင်စစ်ဆေးဖို့" တောင်းဆိုခဲ့တာပါ။ ထရမ့်ဖက်ကတော့ ဒီအမှုမှာ ကိုယ်စားပြုမယ့် ရှေ့နေ အဖွဲ့ကို မငှားရ‌သေးပါဘူး။

အမှုတွေနဲ့ ဆက်စပ်နေတဲ့စာရွက်စာတမ်းတွေကို တရားရုံးက ကြည့်ရှုနိုင်ဖို့ လုံခြုံရေးကင်းလွတ်ခွင့် လျှောက်ထားရဦးမှာ ဖြစ်တဲ့အတွက် တကယ်တမ်းမှာ ရုံးချိန်းက နောက်တနှစ်အကြာ လာမယ့် ‌နိုဝင်ဘာ ၂၀၂၄ ရွေးကောက်ပွဲ အထိ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ သုံးသပ်ကြပါတယ်။ လက်ရှိ စစ်တမ်းတွေအရ ထရမ့်ဟာ ရီပတ်ဘလင်ကန် ပါတီ သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရဖို့ ရေပန်းစားနေပါတယ်။

ဒီအမှုကို စစ်ဆေးမယ့် ဖလော်ရီဒါ ပြည်နယ် တရားသူကြီး အေလိန်း ကဲန်နွန် (Aileen Cannon) က အသက် ၄၂ နှစ် အရွယ်ရှိပြီး ထရမ့် ၂၀၂၀ ရွေးကောက်ပွဲ ရှုံးနိမ့် အပြီးမကြာမီ သမ္မတ သက်တမ်း မကုန်ခင်လေးမှာ သူ့ကိုဖယ်ဒရယ်အဆင့် တရားသူကြီး အဖြစ်ခန့်ခဲ့တာပါ။ ကဲန်နွန် (Cannon) က တရားရေးဌာနက တရားလိုရှေ့နေတွေနဲ့ ထရမ့်ရဲ့ ရှေ့နေတွေကို ဇူလိုင် ၂၄ ရက်နေ့ နောက်ဆုံးထားပြီး တရားရုံးဆိုင်ရာ အကြိုအဆိုပြုချက်အားလုံး တင်သွင်းဖို့ပြောထားပါတယ်။

ကာကွယ်ရေးနဲ့ လက်နက်စွမ်းရည်ဆိုင်ရာ အချက်အလက်တွေအပါအဝင် လျှို့ဝှက် စာရွက်စာတမ်း ၃၁ ခုကို တရားမ၀င် သိမ်းဆည်းထားမှုနဲ့ စွပ်စွဲခံရတဲ့ ထရမ့်ဟာ အရင်အပတ်က မိုင်ယာမီတရားရုံးမှာ ရာဇ၀တ်မှုဆိုင်ရာ စွဲချက်တွေအတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။ သမ္မတမှတ်တမ်းတွေကို ၂၀၂၁ ခုနှစ် ခုနှစ်အစောပိုင်း၊ သမ္မတ (၄) နှစ်သက်တမ်းကုန်ဆုံးချိန်မှာ အမျိုးသားမော်ကွန်းတိုက်ကို လွှဲပြောင်းပေးဖို့ ဥပဒေအရ တာဝန်ရှိပေမယ့် ထရမ့်ကလွှဲပြောင်း မပေးခဲ့ပါဘူး။ ဒါတွေက “သူနဲ့ ဆိုင်တဲ့ စာရွက်တွေ” လို့ ထရမ့်ကမကြာခဏရည်ညွှန်းလေ့ရှိတယ်လို့ လက်ထောက်တွေက ထုတ်ပြောထားပါတယ်။

စာရွက်တွေထဲမှာ အမေရိကန်နဲ့ နိုင်ငံခြားတိုင်းပြည်တွေရဲ့ ကာကွယ်ရေး၊ စစ်ရေး စွမ်းရည်ဆိုင်ရာ မှတ်တမ်းတွေ၊ အမေရိကန်ပြည်ထောင်စုရဲ့ နျူကလီးယားအစီအစဉ်တွေ၊ စစ်ရေးတိုက်ခိုက်မှုတွေမှာ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အားနည်းချက်တွေ၊ နိုင်ငံခြား တိုင်းပြည်တခုခုက တိုက်ခိုက်လာရင် လက်တုံ့ပြန်မယ့် ဖြစ်နိုင်ခြေ အစီအစဉ်တွေ စတဲ့ နိုင်ငံတော် လုံခြုံရေး ဆိုင်ရာ မှတ်တမ်းတွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG