သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump အပေါ် စွဲဆိုချက်တွေနဲ့ ပတ်သက်ပြီး ရှေ့နေချုပ်ဟောင်းရဲ့ အမြင်


ရှေ့နေချုပ်ဟောင်း William Barr ၊ ဒီဇင်ဘာ ၂၁၊၂၀၂၂။
ရှေ့နေချုပ်ဟောင်း William Barr ၊ ဒီဇင်ဘာ ၂၁၊၂၀၂၂။

အမျိုးသားလုံခြုံရေးဆိုင်ရာလျှို့ဝှက်မှတ်တမ်းတွေကို ပြန်မအပ်ပဲ သိမ်းထားတာနဲ့ပတ်သက်လို့ သမ္မတဟောင်း Trump အပေါ် ဂျူရီအဖွဲ့ရဲ့ ရာဇဝတ်မှုစွဲချက်ဟာ အတော်ကြီးဆိုးဆိုးရွားရွား ဖြစ်စဉ်ပဲလို့ သမ္မတ Trump လက်ထက် ရှေ့နေချုပ်ဖြစ်ခဲ့သူ William Barr က မှတ်ချက်ပြုလိုက်ပါတယ်။ အဲဒီ စွဲချက်တွေထဲက တဝက်မှန်ခဲ့ရင်တောင် သမ္မတ Trump အတော်ကြီးဒုက္ခတွေ့လိမ့်မယ်လို့ William Barr က Fox သတင်းဌာနကို ပြောဆိုပါတယ်။ သမ္မတ Trump ကို အကြောင်းမရှိ အကြောင်းရှာ နိုင်ငံရေးအရ ပစ်မှတ်ထားတိုက်ခိုက်ခံနေရသူလို့ ပုံဖော်ပြောဆိုစဉ်းစားချက်ဟာလည်း အဓိပ္ပါယ်မရှိလှဘူးလို့ William Barr က ပြောခဲ့ပါတယ်။
William Barr ဟာ သမ္မတ Trump အစိုးရလက်ထက် ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေမှာ ရှေ့နေချုပ်တာဝန်ယူခဲ့သူပါ။ အခုလိုအဖြစ်အပျက်တစုံလုံးဟာ သမ္မတရဲ့ ပေါ့ပေါ့ဆဆလုပ်မှုကြောင့်ဖြစ်တယ်ဆိုတာကို မေ့ထားလို့မရဘူးလို့လည်း ပြောပါတယ်။ သမ္မတ Trump သူ သမ္မတတာဝန်ပြီးဆုံးချိန်မှာ လျှို့ဝှက်မှတ်တမ်း ၃၀၀ ကျော်ကို ဥပဒေအတိုင်း နိုင်ငံတော်မှတ်တမ်းရုံးကို လွှဲပြောင်းရမယ့်အစား၊ ဖလော်ရီဒါက သူ့နေအိမ်ကို တပါတည်းယူသွားတဲ့နောက် အခုလို အဖြစ်အပျက်တွေပေါ်လာတာကို သူက ထောက်ပြတာပါ။
ဒီမှတ်တမ်းတွေထဲမှာ တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့အချက်အလက်တွေပါပြီး၊ ဒါကို သူ ယူထားခွင့်ရှိတယ်ဆိုတာ လုံးဝကို မှားယွင်းနေတာလို့လည်း ပြောပါတယ်။ ဒါပေမယ့်လည်း တခြားရီပတ်ပလင်ကန်ခေါင်းဆောင်အတော်များများကတော့ လာမယ့် ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ Trump အနိုင်မရစေဖို့ သူ့ကို နိုင်ငံရေးအရထိုးနှက်တာလို့ တုန်ပြန်ပြောဆိုကြပါတယ်။ ရီပတ်ပလင်ကန် အထက်လွှတ်တော်အမတ် Lindsey Graham ကတော့ ဒီစွဲချက်တွေထဲမှာ သူလျှိုမှုလည်းပါဝင်နေပြီး၊ Trump ဟာ သူလျှိုလုပ်ခဲ့တာမျိုးမရှိဘူးလို့ ABC သတင်းဌာနကို တုန့်ပြန်ပါတယ်။
တချိန်တည်းမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ကလင်တန်က လျှို့ဝှက်မှတ်တမ်းတွေပါတဲ့ ကိုယ်ပိုင်အီးမေလ်ဆာဗာတခု အိမ်မှာထားတဲ့ဖြစ်ရပ်ကိုလည်း ပြန်ထောက်ပြပါတယ်။ ၂၀၂၄ သမ္မတ ရွေးကောက်ပွဲ ပြန်ဝင်ဖို့လုပ်နေတဲ့ သမ္မတဟောင်း Trump ကတော့ သူ့အနေနဲ့ အမှားမလုပ်ခဲ့ဘူးလို့ ငြင်းဆန်ပြီး သူ့အပေါ် နိုင်ငံရေးအရ သူ့ကို ပစ်မှတ်ထားနေတာလို့ တုံ့ပြန်နေပါတယ်။ စွဲချက်တွေရင်ဆိုင်ဖို့ လာမယ့် အင်္ဂါနေ့ကျရင် Miami မြို့က ပြည်နယ်တရားရုံးကိုလာဖို့ သူ့ကို ဆင့်ခေါ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG