သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနယ်စပ် တံတိုင်းခတ်ရန်ညွှန်ကြားချက် သမ္မတသစ် ပြင်ဆင်နေ


မက္ကဆီကိုနယ်စပ် မြင်ကွင်း
မက္ကဆီကိုနယ်စပ် မြင်ကွင်း

အမေရိကန်နဲ့ မက္ကဆီကိုနယ်စပ်တလျှောက် တံတိုင်းကြီးဆောက်မယ့် အစီအစဉ်ကို အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံထဲကို ဘယ်သူတွေကို ဝင်ခွင့်ပြုမလဲဆိုတဲ့အပေါ် ကန့််သတ်မယ့် ညွှန်ကြားချက်တွေထုတ်ဖို့ သမ္မတ Donald Trump က ပြင်ဆင်နေ တယ်လို့ အစိုးရတာဝန်ရှိသူ အများအပြားနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အမိမြေလုံခြုံရေးဌာနကို ဒီကနေ့သွားတဲ့အချိန်မှာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သူ့ရဲ့ ပထမဆုံး အမိန့်ညွှန်ကြားချက်တွေကို သမ္မတ Trump လက်မှတ်ထိုး ထုတ်ပြန်မယ် လို့ ခန့်မှန်းထားပါတယ်။ အခုလုပ်ဆောင်ချက်တွေဟာ အမျိုးသားလုံခြုံရေးကို ပိုပြီး တင်းတင်းကျပ်ကျပ် လုပ်သွားမယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ အတွင်း အကြိမ်ကြိမ် ကတိပေးပြောဆိုခဲ့တာတွေနဲ့ အညီ လုပ်မှာဖြစ်ပါတယ်။

အခုလက်ရှိက အမေရိကန်-မက္ကဆီကို နယ်စပ်ရဲ့ တချို့နေရာတွေမှာပဲ အတားအဆီး အကာအရတချို့ရှိနေပြီး မစ္စတာ Trump က နယ်စပ်တလျှောက်လုံးမှာ တံတိုင်းကြီး ဆောက်ချင်တာပါ။ ဒီတံတိုင်းအတွက် ကုန်ကျစရိတ်ကို ကွန်ဂရက်ရဲ့ခွင့်ပြုချက်နဲ့ အမေရိကန်အစိုးရက အရင်ကျခံထားပြီး နောက်ပိုင်းမှာ မက္ကဆီကိုအစိုးရက ပြန်ပေးရမယ်လို့ သူက မကြာခန ပြောထားတာပါ။ မက္ကဆီကိုအစိုးရကတော့ သူတို့မပေးဘူးလို့ ထပ်ခါတလဲလဲ ပြောထားပါတယ်။

တံတိုင်းကိစ္စအပြင် နောက်တခုကတော့ ဒုက္ခသည်တွေလက်ခံတာကို လေးလ ရပ်ဆိုင်းထားဖို့နဲ့ အီရတ်၊ အီရန်၊ လစ်ဗျား၊ ဆီးရီး ယား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်နိုင်ငံတွေက ဘယ်သူ့ကိုမှ အမေရိကန်ထဲဝင်ခွင့်မပေးဘဲ ရက် ၃၀ ထက်မနည်း ပိတ်ပင်ထားဖို့ မစ္စတာ Trump က စဉ်းစားနေတယ်လို့ လူဝင်မှုဆိုင်ရာအမိန့်တွေထုတ်မယ့်ကိစ္စနဲ့ နီးစပ်သူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG