သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအရေး ကန်-ရုရှား ပူးတွဲကြေညာချက်ထုတ်မည်


သမ္မတ Putin နဲ့ သမ္မတ Trump
သမ္မတ Putin နဲ့ သမ္မတ Trump

ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ အာရှ-ပဖိစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ထိပ်သီးဆွေးနွေးပွဲအတွင်း ရုရှားသမ္မတ Vladimir Putin နဲ့ ၂ ကြိမ်- ၃ ကြိမ်လောက် စကားအနဲငယ် ပြောကြားခွင့်ရခဲ့ပြီး ဆီးရီးယားအရေးကို အဓိကထား ပြောကြားခဲ့တယ်လို့ အမေရိကန် သမ္မတ Donald Trump က စနေနေ့မှာ ပြောပါတယ်။

ဗီယက်နမ်နိုင်ငံ ဒါနန်း မြို့ကနေ ဟနွိုင်းမြို့တော်ကို Air Force One လေယာဉ်နဲ့ အသွား လမ်းမှာသတင်းထောက် တွေကို ပြောကြားရာမှာ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး သမ္မတ Putin နဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ သူသဘောတူညီခဲ့ပြီး ဒါဟာ အသက်ပေါင်းများစွာကို ကယ်တင်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

ကြေညာချက်ကို ရုရှားအစိုးရက ပထမထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ဆီးရီးယားမှာ အကြမ်းဖက် မှုတွေ လျှော့ချဖို့၊ အပစ်ရပ်သဘောတူညီချက်တွေ အားဖြည့်ဖို့၊ လူသားချင်းစာနာမှုအကူညီ အတားအဆီးမရှိအောင် လုပ်ဖို့နဲ့ ပဋိပက္ခအတွက် နိုင်ငံရေးအရ အဖြေရှာနိုင်မယ့် အခြေနေတွေ လုပ်ပေးဖို့ ကနဦးခြေလှမ်းတရပ် အဖြစ် ဒေသတွင်းတင်းမာမှုတွေ လျှော့ချရေးဟာ အရေးကြီးကြောင်း ခေါင်းဆောင် ၂ ဦးက အတည်ပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် သမ္မတ Putin နဲ့ သမ္မတ Trump တို့ ၂ ဦးဟာ အမေရိကန်နဲ့ ရုရှားတပ်တွေ အန္တရာယ်ကင်းရေး အတွက် ၂ နိုင်ငံ စစ်တပ် အရာရှိတွေကြား ဆက်သွယ်ရေးလုပ်ဖို့ လမ်းကြောင်းတွေ ဖွင့်ထားဖို့ နဲ့ အိုင်အက်စ် အကြမ်းဖက် အဖွဲ့ကို တိုက်ခိုက်ရေးမှာ ၂ နိုင်ငံတပ်တွေ ထိတွေ့ဆက်ဆံပြီး အငြင်းမပွါးဖို့ သဘောတူခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွက် အခြေခံမူဝါဒတွေ ခိုင်မာကြောင်းပြသတဲ့ အခု ပူးတွဲကြေညာချက်ဟာ အလွန့်အလွန် အရေးကြီးကြောင်းလည်း သမ္မတ Putin က ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှာ စနေနေ့က သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG