သုံးရလွယ်ကူစေသည့် Link များ

ကမ္ဘာတဝန်းစိန်ခေါ်မှုတွေနဲ့ အမေရိကန်မူဝါဒ ကုလမိန့်ခွန်းမှာ သမ္မတ Trump ပြောကြား


၇၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ Donald Trump ဒီကနေ့ အင်္ဂါနေ့ မိန့်ခွန်း ပြောဆိုတာမှာတော့ သူ့အစိုးရလက်ထက် နိုင်ငံရေး စီးပွားရေး အင်အားတောင့်တင်းလာတဲ့ အခြေအနေတွေ၊ နောက် မြောက်ကိုရီးယား နျူးကလီးယား ကင်းစင်ရေး လုပ်ငန်းစဉ် တိုးတက်မှုတွေ အပြင် အရှေ့အလယ်ပိုင်း ဒေသက စစ်ပွဲတွေနဲ့ အီရန် နိုင်ငံ အပေါ်မှာတော့ သတိပေး ပြောဆိုသွားပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂံျုအွန်းနဲ့ ထိပ်သီးတွေ့ဆုံမှုကနေ အကျိုးရလဒ် အများအပြား ထွက်ပေါ်ခဲ့တယ်၊ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ နျူးကလီးယား ကင်းစင်ရေး သတ္တိရှိရှိ ဆောင်ရွက်ခဲ့တဲ့ အပေါ် ချီးကျူး ပြောဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ အမေရိကန် ကြား ထိပ်သီးတွေ့ဆုံပွဲ ဖြစ်ခဲ့တဲ့ အပေါ် တောင်ကိုရီးယား၊ ဂျပန်နဲ့ တရုတ် ခေါင်းဆောင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုသွားပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတွင်း အရေးနဲ့ ပတ်သက်ပြီးလည်း သမ္မတ Trump က အလေးပေး ပြောဆိုပါတယ်။ အီရတ်နဲ့ ဆီးရီးယား နိုင်ငံတွင်းက အစ္စလာမ္မစ် အစွန်းရောက် IS အဖွဲ့ကို တိုက်ထုတ်နိုင်ခဲ့တဲ့ အခြေအနေ၊ ဆီးရီးယားနဲ့ ယီမင်တို့က စစ်ပွဲတွေ အရေးကိုလည်း အမေရိကန် ခေါင်းဆောင်က ပြောဆိုပါတယ်။

အီရန်နိုင်ငံအပေါ်မှာတော့ နျူကလီးယားအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဆက်လက် ဖိအားပေးသွားဖို့ တိုက်တွန်းခဲ့ပါတယ်။ ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်ကြား ရရှိထားတဲ့ အီရန် နျူးကလီးယား သဘောတူညီချက်ကနေ အမေရိကန်တို့ နုတ်ထွက်တဲ့ အပေါ်မှာ သမ္မတ Trump က ကာကွယ်ပြောဆိုသွားပါတယ်။ အီရန် အစိုးရဟာ ပြည်တွင်းမှာ ဖိနှိပ်မှုတွေ အပြင် အိမ်နီးချင်း နိုင်ငံတွေကို လေးစားမှုလည်း မရှိဘူးလို့လည်း သမ္မတ Trump က ပြောဆိုပါတယ်။ အီရန် ပြည်သူတွေ ကြွယ်ဝရေးထက် ခေါင်းဆောင်တွေက သူတို့ ချမ်းသာရေးကိုဘဲ ဦးစားပေး ဆောင်ရွက်နေကြတယ်လို့လည်း ဝေဖန်သွားပါတယ်။

နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံး ICC ရဲ့ လုပ်ပုံလုပ်နည်းတွေကို အမေရိကန် ခေါင်းဆောင်က ဝေဖန်လိုက်ပြီး အမေရိကန်ရဲ့ အချုပ်အချာ အာဏာပိုင်မှုကို ထိပါးခံမှာ မဟုတ်ဘူးလို့ သတိပေးပြောဆိုပါတယ်။ ကမ္ဘာတဝန်း အမေရိကန်တို့က အများဆုံး အကူအညီပေးနေတာ ဖြစ်ကြောင်း၊ အနာဂတ်မှာတော့ အမေရိကန်ကို လေးစားတဲ့နိုင်ငံတွေ၊ မိတ်ဆွေ နိုင်ငံတွေကိုဘဲ နိုင်ငံရပ်ခြား အထောက်အပံ့ အဖြစ် ပေးအပ်မှာ ဖြစ်ကြောင်းလည်း အမေရိကန် သမ္မတ Donald Trump က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG