သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေကြေးဖေါင်းပွမှု၊ နယ်ခြားလုံခြုံရေးနဲ့ စွမ်းအင်ကိစ္စ Donald Trump အဓိက ပြောဆို


ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြုသမ္မတလောင်း Donald Trump လက်ခံ မိန့်ခွန်း ပြောကြားစဉ်
ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြုသမ္မတလောင်း Donald Trump လက်ခံ မိန့်ခွန်း ပြောကြားစဉ်

Donald Trump ရီပတ်ဘလစ်ကန် ပါတီကိုယ်စားပြုသမ္မတလောင်း လက်ခံ မိန့်ခွန်း (ကောက်နုတ်ချက်)

ယုံကြည်မှု၊ ခိုင်မာမှုနဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုပြီး အားလုံးရှေ့မှာ သမိုင်းဝင်အောင်ပွဲကို ကြိုဖို့ ရောက်လာခဲ့တာလို့ အစချီပြီး အမေရိကန် အားလုံးအတွက် သမ္မတဖြစ်ဖို့ အားလုံးရဲ့ ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် လက်ခံပါကြောင်း Doanld Trump က ပြောကြားသွားပါတယ်။

ဒီမိန့်ခွန်းဟာ ပြီးခဲ့တဲ့ စနေနေ့က Pennsylvania ပြည်နယ် Butler မြို့ မဲဆွယ်စည်းရုံးပွဲမှာ လုပ်ကြံဖို့ကြိုးစားတဲ့ ပစ်ခတ်မှုကြောင့် နားမှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး ပထမဆုံးအကြိမ် ပြောကြားတဲ့ မိန့်ခွန်းလည်း ဖြစ်ပါတယ်။

သူ့ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်သူတွေရဲ့ ထောက်ခံမှုကို ကျေးဇူးတင်တဲ့အကြောင်းပြောဆိုရင်း စနေနေ့က သူ့ရဲ့ ညာဘက်နားထိခိုက်ခဲ့တဲ့ သွေးထွက်သံယို ဒဏ်ရရခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်ပြောပြသွားပါတယ်။ သူ့အသက်ကို ကာကွယ်ပေးခဲ့တဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးအဖွဲ့တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုရင်း ဘုရားသခင်ဟာ သူ့ဘက်မှာ ရှိနေခဲ့တယ်လို့ ပြောဆိုသွားပါတယ်။

လုပ်ကြံသတ်ဖြတ်ခဲ့သူက တကြိမ်မက ပစ်ခတ်ခဲ့ပေမဲ့ လူတွေ အများအပြား ထိခိုက်သေဆုံးမှု မဖြစ်ပွားခဲ့တဲ့ ကံကောင်းခဲ့တာလို့ ပြောဆိုရင်း သူ့ကို ထောက်ခံသူတွေရဲ့ မေတ္တာနဲ့ စိုးရိမ်မှုတွေကို ထုတ်ဖေါ်ချီးကျုးပြောဆိုသွားပါတယ်။ စနေနေ့က သူ့ကို လုပ်ကြံဖို့ ကြိုးစားတဲ့ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့တဲ့ မီးသတ်သမားအတွက် ဂုဏ်ပြုပြီး အထိမ်းအမှတ် အရုပ်တခုကို မိန့်ခွန်းပြောတဲ့နေရာနဲ့ မလှမ်းမကမ်း သူ့ဘေးမှာထားရှိပါတယ်။ အရုပ်ကိုနမ်းပြီး Donald Trump က ဂုဏ်ပြုသွားပါတယ်။

သေဆုံးခဲ့သူ မီးသတ်သမား Corey Comperatore ရဲ့ မိသားစုအတွက် ရီပတ်ဘလစ်ကန် ပါတီဝင်တွေရဲ့ စုပေါင်း ထောက်ပံ့ငွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်လာ ၆ သန်း သုံးသိန်း ပေးအပ်ခဲ့တာကို ကြေညာရင်း ငြိမ်သက်ဆုတောင်းပါတယ်။ အမေရိကန်ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အစိုးရကို တည်ဆောက်ဖို့ သူ့ ဆုံးဖြတ်ချက်တွေကို ပြင်မှာ မဟုတ်တဲ့အကြောင်း အမေရိကန်ပြည်သူတွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ Donald Trump က ပြောဆိုသွားပါတယ်။ ရွေးကောက်ပွဲ အောင်မြင်၊ လုံခြုံပြီး ကြီးမြတ်တဲ့နိုင်ငံ ပြန်ဖြစ်ရေး အတွက် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီနိုင်ငံဟာ လွတ်မြောက်မှု၊ တရားမျှတမှုအတွက် အားလုံးတန်းတူ ညီမျှနေထိုင်ခွင့် နိုင်ငံရှိတဲ့ နိုင်ငံဖြစ်တယ်လို့ ပြောဆိုရင်း နိုင်ငံရေးအရ ကွဲလွဲတဲ့ အတိုက်အခံကို ရာဇဝတ်မှုတွေနဲ့စွဲချက်တင် အပြစ်ရှာဖို့ မသင့်တဲ့အကြောငး် ပြောဆိုသွားပါတယ်။ Donald Trump ရင်ဆိုင်နေရတဲ့ နိုင်ငံတော်လုံခြုံရေးလျှို့ဝှက်မှတ်တမ်းတွေကို ပြန်မအပ်တဲ့စွဲချက်တွေကို ဖယ်ဒရယ်တရားသူကြီးတဉီးက ပယ်ဖျက်ခဲ့တာကို ချီးကျုးပြောဆိုသွားပါတယ်။

တိုင်းပြည်မှာ ညီညွတ်ဖို့ဆိုရင် ဒီမိုကရက်တွေဘက်က နိုင်ငံရေးအောက်လမ်းနည်းနဲ့ အပြစ်ရှာနေတာတွေကို ရုတ်သိမ်းဖို့ သူက ပြောဆိုသွားပါတယ်။ အမေရိကန်ပြည်ထောင်စုကို ဒီမိုကရက်ပါတီဝင်တွေက ဖျက်ဆီးနေတယ်လို့ ပြောဆိုပြီး ပိုမိုခိုင်မာတဲ့ ကောင်းမွန်တဲ့ အမေရိကန်ပြည်ထောင်စုကို တည်ဆောက်သွားမယ်လို့ ပြောဆိုရင်း ပါတီညီလာခံအတွင်း သူ့ကို ထောက်ခံပြောဆိုခဲ့သူတွေကို ချီးကျုးရင်း ဒုသမ္မတအဖြစ် ရထား ရွေးချယ်ထားတဲ့ J.D. Vance ကို မိတ်ဆက်သွားပါတယ်။

ကျင်းပမယ့် ရွေးကောက်ပွဲဟာ သမိုင်းမှာ အရေးအကြီးဆုံး ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောဆိုရင်း လက်ရှိ အစိုးရအောက်မှာ ငွေကြေးဖေါင်းပွမှုနဲ့ ပြည်သူတွေ အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့အကြောင်း တောင်ပိုင်းနယ်စပ်မှာ အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒ မှားယွင်းမှုတွေကြောင့် တခါမှ မကြုံဘူးတဲ့ လူတွေ အစုလိုက်ဝင်ပြီး ဖြတ်ဝင်လာတာကို ရင်ဆိုင်နေရတယ်လို့လည်း ပြောဆိုသွားပါတယ်။ လက်ရှိ အစိုးရလက်ထက်မှာ နိုင်ငံတကာ အကြပ်အတည်း၊ စစ်ပွဲတွေနဲ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ထိုင်ဝမ် ကိုရီးယားအရေး မျက်နှာပေါင်းစုံမှာ ပဋိပက္ခတွေ ရင်ဆိုင်နေရတယ်လို့လည်း သူက ပြောပါတယ်။

သူ သမ္မတဖြစ်လာခဲ့ရင် ငွေကြေးဖေါင်းပွမှုကို အဓိက ကိုင်တွယ်ပြီး စွမ်းအင်ကုန်ကျစရိတ်ကို လျော့ချဖို့ လုပ်ဆောင်သွားမယ့်အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာကို စွမ်းအင်ဖြန့်ဖြူးနိုင်တဲ့ နိုင်ငံဖြစ်ဖို့ ပြောဆိုသွားပါတယ်။ သူ သမ္မတတဖြစ် တာဝန်ယူချိန်မှာ နယ်စပ်ကိုပိတ်ပြီး တံတိုင်းကို ပြီးအောင် တည်ဆောက်မယ့် အကြောင်း ပြောဆိုသွားပါတယ်။

လက်ရှိ အစိုးရလက်ထက်မှာ အီရန်ဟာ ပိုပြီး အားကောင်းလာသလို နျုကလီးယားလက်နက် ပိုင်ဆိုင်တော့မယ့်အနေအထားကို ရောက်နေပြီး ဒါကို မဖြစ်မနေ ဟန့်တားသွားဖို့လည်း သူက ပြောဆိုသွားပါတယ်။ သမ္မတ Joe Biden ဟာ အမေရိကန် သမိုင်းမှာ အညံ့ဆုံး သမ္မတ ဆယ်ယောက်ထဲက တယောက်ဖြစ်တယ်လို့ စွပ်စွဲပြောဆိုပြီး မယုံနိုင်လောက်အောင် တိုင်းပြည်ပျက်ဆီးနေတာကြောင့် အမေရိကန်တွေရဲ့ အမျှော်အမြင်နဲ့ ခိုင်မာမှုတွေ ပြန်ကို တည်ဆောက်မယ်။

သမ္မတအဖြစ် တာဝန်ယူချိန်မှာ နယ်စပ်လုံခြုံရေးနဲ့ ကမ္ဘာ့ အကောင်းဆုံး စီးပွားရေးကို တည်ဆောက်မယ်လို့ ကတိပေးပြောဆိုပြီး တရုတ်ရဲ့ စီးပွားရေးဩဇာချဲ့ထွင်လာမှုတွေကို လျော့ချဖို့ တရားမဝင် ဝင်လာသူတွေ ပြည့်ကျပ်နေပြီး အမေရိကန်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို တရားမဝင် ဝင်လာသူတွေက ယူသွားကြတာတွေကို တားဆီးဖို့ ပြောဆိုသွားပါတယ်။

ဒီနေ့ အမေရိကန်ပြည်ထောင်စု ရင်ဆိုင်နေရတဲ့ ငွေကြေးဖေါင်းပွမှုဟာ စီးပွားပျက်ကပ်ဆိုက်မယ့်အခြေအနေအထိ ရောက်နေတဲ့အကြောင်းနဲ့ ပြီးခဲ့တဲ့ ၄ နှစ်က သူချန်ခဲ့တဲ့ အကြီးမြတ်ဆုံးနိုင်ငံ အနေအထားပြန်ရဖို့ ပြန်တည်ဆောက်မယ်လို့လည်း ပြောဆိုသွားပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး နယ်ပယ်ချဲ့ထွင်လာမှုတွေကို တိုက်ဖျက်ဖို့၊ တရုတ်က တင်သွင်းမယ့် လျှပ်စစ်ကားတွေကို အခွန်တွေ ၁၀၀ ရာခိုင်နှုန်း ၂၀၀ ရာခိုင်နှုန်းအထိ တိုးကောက်ဖို့ ကိစ္စတွေ ပြောဆိုရင်း မြေထဲက ရွှေရည်တွေလို့ တင်စားသွားတဲ့ ရေနံတွေ တူးဖေါ်ရင်း ကမ္ဘာကို စွမ်းအင် ဖြန့်ဖြူးတဲ့ ဦးဆောင် နိုင်ငံ ဖြစ်အောင် လုပ်ဆောင်သွားမယ်လို့ ပြောဆိုသွားပါတယ်။

တောင်ပိုင်းနယ်စပ် တရားမဝင် ဝင်ရောက်သူတွေရဲ့ ကျုးကျော်သိမ်းပိုက်မှုကို မဖြေရှင်းဘဲနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုသွားပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ တကမ္ဘာလုံးက စွန့်ပစ် အမှိုက်တွေပစ်တာကို လက်ခံတဲ့နေရာ မဟုတ်ဘူးလို့ ပြောဆိုရင်း Venezuela မှာ ရာဇဝတ်မှု ၇၀ ရာခိုင်နှုန်း ကျဆင်းသွားတာဟာ သူတို့ဆီက ရာဇဝတ်သားတွေ ဒီနိုင်ငံကို ရောက်လာလို့ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ နောင် ရီပတ်ဘလစ်ကန်ပါတီ ညီလာခံကို ဘေးကင်းလုံခြုံတဲ့နေရာရှာရင် Venezuela နိုင်ငံမှာသွား ကျင်းပရမလို ဖြစ်နေပြီလို့လည်း တိုင်းပြည်မှာ တရားမဝင် ဝင်လာသူတွေကျုးလွန်တဲ့ ရာဇဝတ်မှုတွေ များလာတယ်ဆိုပြီး ပြောဆိုသွားပါတယ်။

သမ္မတဟောင်း George W. Bush လက်ထက်မှာ ရုရှားက ဂျော်ဂျီယာကို တိုက်ခဲ့ပြီး သမ္မတဟောင်း Barack Obama လက်ထက်မှာ ခရိုင်းမီးယားဒေသကို သိမ်းယူခဲ့သလို သမ္မတ Biden လက်ထက်မှာ ယူကရိန်းကို ကျုးကျော်တိုက်ခိုက်ခဲ့တာကို ပြောဆိုရင်း - သူ သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့အချိန်မှာ ရုရှားဘက်ကတိုက်ခိုက်တာ မရှိခဲ့ဘူးလို့လည်း ပြောဆိုသွားပါတယ်။
သူ သမ္မတ ပြန်တာဝန်ယူတဲ့အချိန်မှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ဆက်ဆံသွားမယ်ဆိုတာကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

သူနဲ့ အမေရိကန်ပြည်သူတွေရဲ့ သမိုင်းဝင် လှုပ်ရှားမှုကို ဘယ်သူမှ ရပ်တန့်သွားအောင် လုပ်လို့ မရဘူးလို့လည်း ရီပတ်ဘလစ်ကန်ပါတီဝင်တွေကို Donald Trump က ပြောဆိုသွားပါတယ်။ ကွဲလွဲချက်တွေကို ဘေးဖယ်ပြီး နိုင်ငံတနိုင်ငံထဲအဖြစ် အလံတော်တခုအောက်မှာ ညီညွတ်ကြဖို့၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြဖို့ တိုက်တွန်းသွားပါတယ်။ ဘယ်လို တားဆီးမှုမျိုးကိုမဆို ရင်ဆိုင်သွားကြဖို့ တိုက်တွန်းရင်း လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရရမယ်ဆိုတာကို အခိုင်အမာ ပြောဆိုသွားပါတယ်။ အမေရိကန်ပြည်ထောင်စုကို ကြီးမြတ်တဲ့ နိုင်ငံဖြစ်ရေး အမြန်ဆုံး ပြန်လည်လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။

ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် လက်ခံတဲ့ မိန့်ခွန်းဟာ သမ္မတဟောင်း Donald Trump ရဲ့ ဘဝမှာ တတိယအကြိမ် ပြောကြားတဲ့ မိန့်ခွန်းဖြစ်ပါတယ်။ အရင် ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွေကလည်း ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ရီပတ်ဘလစ်ကန် ပါတီက သမ္မတလောင်းအဖြစ် သူ့ကို တင်မြှောက်ခဲ့ဖူးပါတယ်။

Donald Trump ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ၂၀၂၁ ခုနှစ်အထိ လေးနှစ် တာဝန်ယူခဲ့ပါတယ်။ ၄၇ ကြိမ်မြောက် သမ္မတ ပြန်ဖြစ်မယ် မဖြစ်ဘူးဆိုတာကိုတော့ အမေရိကန် မဲဆန္ဒရှင်တွေကပဲ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ အဆုံးအဖြတ်ပေးမှာ ဖြစ်ကြောင်းပါ။

Forum

XS
SM
MD
LG