သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်တရားရုံးချုပ်တရားသူကြီး အစားထိုးခန့်အပ်နိုင်ရေး Trump ကြိုးပမ်း


အနားယူတော့မယ့် အမေရိကန် တရားလွှတ်တော်ချုပ် တရားသူကြီး Anthony Kennedy ရဲ့နေရာမှာ အစားထိုးခန့်ထားရေး အမည်စာရင်းတင်သွင်းဖို့ စဉ်းစားနေသူတွေထဲက လေးဦးနဲ့ တနင်္လာနေ့ကတွေ့ဆုံသလို နောက်ထပ် နှစ်ယောက် ဒါမှမဟုတ် သုံးယောက်နဲ့ ထပ်တွေ့ဦးမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောပါတယ်။

တနင်္လာနေ့က သူတွေ့ဆုံသူတွေဟာ “ပညာရပ်ပိုင်းဆိုင်ရာနဲ့ တခြားနည်းလမ်းတိုင်းမှာ မတူကွဲပြားမှုပေါင်းစုံရှိတဲ့ သိပ်ကို ထူးချွန် ပြောင်မြောက်သူတွေဖြစ်ကြတယ်” လို့ သမ္မတထရမ့်ပ်က သတင်းထောက်တွေကို တနင်္လာနေ့မှာပြောပါတယ်။

ရွေးချယ်ဖို့စဉ်းစားနေသူ တဦးချင်းနဲ့ ၄၅ မိနစ်လောက်စီကြာအောင် သမ္မတထရမ့်ပ်က တွေ့ဆုံ ပြောဆိုတယ်လို့ အိမ်ဖြူတော်ပြော ခွင့်ရ Sarah Huckabee Sanders က တနင်္လာနေ့မှာပဲပြောပါတယ်။ အဲဒီလူတွေ ဘယ်သူတွေဆိုတာကိုတော့ Sanders က မပြောပါဘူး။ ဒါပေမဲ့ အမေရိကန်အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်မယ့်သူ၊ “မှန်ကန်တဲ့ ဉာဏ်ပညာ” နဲ့ “မှန်ကန်တဲ့ စရိုက်လက္ခဏာရှိသူ” ကို သမ္မတထရမ့်ပ်က ရှာနေတယ်လို့ Sanders ကပြောပါတယ်။

တရားလွှတ်တော်ချုပ်က ဆုံးဖြတ်ထားတဲ့ ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ သမိုင်းဝင်ဆုံးဖြတ်ချက်ဖြစ်တဲ့ Roe vs Wade ကို ပြောင်းပြန်လှန်ပစ်မယ့်လူမျိုးကို သမ္မတကရှာနေသလားလို့ မေးတဲ့အခါမှာ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ပတ်သက်ပြီး အခု သူ စဉ်းစား နေတဲ့လူတွေရဲ့အမြင်ကို မမေးဘူးဆိုတဲ့ သမ္မတရဲ့ရပ်တည်ချက်ကိုပဲ Sanders က ထပ်ပြောသွားပါတယ်။

အမည်စာရင်းတင်သွင်းဖို့ သူလျာထားမယ့် နောက်ဆုံးစာရင်းထဲမှာ အမျိုးသမီးနှစ်ဦးပါဝင်ပြီး နောက်ဆုံးတယောက်ကို ဇူလိုင်လ ၉ ရက်နေ့မှာ ရွေးချယ်မယ်လို့ သမ္မတထရမ့်ပ်က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG