အမေရိကန် သမ္မတ Donald Trump က နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်စာရင်းတင်သွင်းခဲ့တဲ့ Brett Kavanaugh ရဲ့ မှတ်တမ်းမှာ သေးငယ်တဲ့ အမဲစက် တစုံတရာတောင် မရှိခဲ့ဘူးလို့ သူ့ဘက်က ရပ်တည်ပြောကြားခဲ့ပါတယ်။
အထက်တန်းကျောင်းသားဘဝ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဆယ်ကျော်သက် မိန်းကလေး တဦးကို လိင်မှုဆိုင်ရာ စော်ကားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို Kavanaugh က မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့ပြီး နာရီ အနည်းငယ် အကြာမှာပဲ တနင်္လာနေ့က အိမ်ဖြူတော်မှာ သမ္မတက အခုလို သတင်းထောက်တွေရဲ့ အမေးကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီယား တက္ကသိုလ် က ပါမောက္ခတဦး ဖြစ်တဲ့ Christine Blasey Ford က Kavanaugh အပေါ် စွပ်စွဲချက် ထွက်ပေါ်လာ ပြီးတဲ့နောက် သူ့ရဲ့ အတည်ပြုမှု အပေါ် သံသယဝင်လာစေပြီး နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် တရားရေးကော်မတီရဲ့ ကြာသပတေးနေ့ မဲခွဲဖို့ ရှိတယ်ဆိုတဲ့ မျှော်လင့်ချက်ကို အထက်လွှတ်တော်အမတ်တွေက ဆိုင်းငံ့ဖို့ ကြိုးစားလိမ့်မယ်လို့ သမ္မတက စိတ်လျှော့ခဲ့ဟန် တူပါတယ်။
သမ္မတက သူ့အနေနဲ့ နိုင်ငံသားတွေကို ဝမ်းသာစေချင်ကြောင်းနဲ့ လူတော်တယောက် ရရှိထားတဲ့အတွက် ကျေနပ်စေချင်ကြောင်း ပြောပြီး Kavanaugh ကို နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် အတည်ပြုနိုင်ရေးအတွက် မဲပေးမှုကို အပြီးသတ်စေချင်ကြောင်း ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် အထက်လွှတ်တော်အမတ် Dianne Feinsten နဲ့တကွ အတိုက်အခံ ဒီမိုကရက်တစ်ပါတီရဲ့ လုပ်ရပ်တွေကို စိတ်ပျက်ကြောင်း သမ္မတ Trump က ပြောကြားခဲ့ပါတယ်။
သမ္မတအနေနဲ့ သူအမည်စာရင်းတင်သွင်းထားတဲ့ Kavanaugh နဲ့ တနင်္လာနေ့မှာ စကားမပြောရသေးပေမယ့် Kavanaugh နိုင်ငံတော်တရားရုံးချုပ် တရားသူကြီးအဖြစ် အမည်တင်သွင်းထားတာကို ရုပ်သိမ်းပေးဖို့ ရှိမရှိ သတင်းထောက်တွေ မေးမြန်းရာမှာတော့ "ဒါဟာ အဓိပ္ပါယ် မရှိတဲ့ မေးခွန်းဖြစ်ကြောင်း" သမ္မတက ပြန်လည်ဖြေကြားခဲ့ပါတယ်။