သုံးရလွယ်ကူစေသည့် Link များ

FBI ညွှန်မှူးဟောင်း Comey နဲ့ ပြောဆိုမှု အသံသွင်းထားတာမရှိဟု Trump ဆို


အမေရိကန်သမ္မတ Trump နဲ့ (FBI)ညွှန်ကြားရေးမှူးဟောင်း James Comey။

အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI)ညွှန်ကြားရေးမှူးဟောင်း James Comey နဲ့ ပြောဆိုထားတာတွေကို သူ့အနေနဲ့ အသံဖမ်း မှတ်တမ်းတင်ထားတာ မရှိတဲ့အကြောင်း မနေ့တုန်းကပဲ သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ FBI အကြီးအကဲဟောင်းကတော့ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ နှောက်ယှက်ခဲ့တဲ့ အပေါ် FBI က စုံစမ်းစစ်ဆေးနေတာတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ တိုက်တွန်းခဲ့ကြောင်း ပြောဆိုထားပြီး၊ သမ္မတ Trump ကတော့ စွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

အီလက်ထရောနစ်စနစ်နဲ့ စောင့်ကြည့်တာတွေ၊ ကြားဖြတ်ထောက်လှမ်းမှုတွေ၊ တရားမ၀င်နည်းလမ်းနဲ့ သတင်းပေါက်ကြားတာတွေလို မကြာသေးခင်တုန်းက သတင်းမျိုးစုံ ထွက်ပေါ်နေချိန်မှာ၊ ညွှန်ကြားရေးမှူးဟောင်းနဲ့ ပြောဆိုခဲ့တာတွေနဲ့ ပတ်သက်လို့ မှတ်တမ်းတွေ၊ တိတ်ခွေတွေ ရှိမရှိဆိုတာ မသိပေမဲ့၊ သူကိုယ်တိုင်ကတော့ ဒီလိုမှတ်တမ်းတင်ထားတာမျိုး မရှိတဲ့အကြောင်း Twitter အင်တာနက် လူမှုကွန်ယက်မှာ သမ္မတ Trump က ပြောဆိုခဲ့တာပါ။

ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ FBI အကြီးအကဲဟောင်းနဲ့ သမ္မတတို့ ၂ ကြိမ် သီးသန့်တွေ့ဆုံ စကားပြောခဲ့တာကို မှတ်တမ်းတင်ထားတဲ့ စနစ်တခု အိမ်ဖြူတော်မှာ တပ်ဆင်ထားသလား ဆိုတဲ့ မေးခွန်းတွေ သီတင်းပတ်နဲ့ချီ ထွက်ပေါ်နေတာတွေဟာလည်း သမ္မတရဲ့ မှတ်ချက်ကြောင့် အဆုံးသတ်ခဲ့ပါတယ်။

သမ္မတအနေနဲ့ သီးသန့် စကားပြောခဲ့တာတွေကို မှတ်တမ်းတွေ ရှိမရှိ ရှင်းရှင်းလင်းပြောဖို့ ၄၁ ရက်ကြာအောင် ဘာကြောင့် စောင့်နေရသလဲဆိုတဲ့ မေးခွန်းကိုတော့ ကစားကွက်တကွက်အနေနဲ့ လုပ်ခဲ့တာ ဟုတ်မဟုတ် သူလည်း မသိဘူးဆိုပြီး၊ အိမ်ဖြူတော် လက်ထောက်ပြောခွင့်ရ Sarah Huckabee Sanders က ဖြေကြားခဲ့တာပါ။

သတင်းသမားတွေ မေးနေတဲ့ မေးခွန်းကို သမ္မတက အဖြေပေးလိုက်တာလို့လည်း သမ္မတရဲ့ Twitter မှတ်ချက် ထွက်ပေါ်လာအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခွင့်ရက တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။ မနေ့တုန်းက သမ္မတရဲ့ Twitter မှတ်ချက်တွေထဲမှာတော့ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲမှာ ရုရှားရဲ့ စွက်ဖက်မှုနဲ့ ပတ်သက်လို့ အခြေအတင်ဖြစ်နေရတာတွေ ပိုမိုကြီးထွားစရာလည်း ဖြစ်ခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲ စည်းရုံးရေး ကာလအတွင်း ဒီမိုကရက်ပါတီ အမျိုးသားကော်မတီရဲ့ အီးမေးလ်တွေကို ဖောက်ထွင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ တကယ့်ကို အလိမ်အညာ သက်သက်သာ ဖြစ်ကြောင်းလည်း သမ္မတက Twitter မှာ ရေးသားခဲ့တာပါ။

XS
SM
MD
LG