သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ကန့်သတ်မိန့်သစ် ကန် သမ္မတ ထုတ်ပြန်ဖို့ရှိနေ


သမ္မတ Donald Trump 
သမ္မတ Donald Trump 

မွတ်စလင် အများစု နေထိုင်ရာ နိုင်ငံ ၇ ခုကလူတွေကို အမေရိကန် ပြည်ထောင်စု အတွင်း ဝင်ရောက်ခွင့် တားမြစ်မယ့် ပိုပြီး ထိရောက်တဲ့ သမ္မတ အမိန့်ညွှန်ကြားချက်ကို သမ္မတ Donald Trump က မကြာခင်မှာ ထုတ်ပြန်ဖို့ ရှိနေပါတယ်။

ဒါပေမယ့် ဒီအမိန့်ညွှန်ကြားချက်က ကျင့်သုံးဖို့ ပိုပြီး ကောင်းမွန်မှာ ဖြစ်သလို အမေရိကန် ပြည်ထောင်စု အတွင်း နိုင်ငံခြားသား ခရီးသွားတွေ ဝင်ရောက်မှုကို ကန့်သတ်ဖို့ အစောပိုင်းက ဆောင်ရွက်ချက်တွေမှာ ကြုံတွေ့ခဲ့ရတဲ့ ပရမ်းပတာ အခြေအနေမျိုးတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်တယ်လို့ အမိမြေ လုံခြုံရေး ဝန်ကြီး John Kelly က မနေ့ စနေနေ့က ပြောဆိုပါတယ်။

ဂျာမနီ နိုင်ငံ မြူးနစ်လုံခြုံရေး ညီလာခံ အတွင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ပတ်သက်ပြီး ကမကထပြု ဆွေးနွေးတာမှာ ဝန်ကြီး Kelly က အခုလို ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။ အမိန့်ညွှန်ကြားချက် အသစ်က အလုပ်သမား ပြည်ဝင်ခွင့်၊ ဒါမှမဟုတ်လည်း အမြဲတမ်းနေထိုင်ခွင့် ကိုင်ဆောင်တဲ့ နိုင်ငံခြားသားတွေ အမေရိကန် ပြည်ထောင်စု အတွင်း ပြန်လည် ဝင်ရောက်ခွင့်ကို တားဆီးမှာ မဟုတ်ဘူးလို့ ဝန်ကြီး ကယ်လီက ပြောပါတယ်။

ဒါ့အပြင် အမိန့်ညွှန်ကြားချက် ထုတ်ချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ လေဆိပ်တွေကို ပျံသန်းလာနေပြီ ဖြစ်တဲ့ နိုင်ငံခြားသား ခရီးသွားတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့လည်း ဝန်ကြီးက ထပ်လောင်း ပြောပါတယ်။ ပြည်ပနေက အမေရိကန် ပြည်ထောင်စုကို ပျံသန်းလာသူတွေ အမိန့်ညွှန်ကြားချက်ကြောင့် ပိတ်မိမနေစေဖို့ သမ္မတ ထရမ့်က အသေအချာ စီစဉ် လုပ်ဆောင်မှာ ဖြစ်ပါတယ်လို့လည်း အမိမြေ လုံခြုံရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။

လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ အမိန့်ညွှန်ကြားချက် အသစ်ကတော့ အစောဆုံး အင်္ဂါနေ့လောက်မှာ ထွက်ပေါ်လာနိုင်တယ်လို့ အမေရိကန် သတင်းတွေမှာ ခန့်မှန်းရေးသားထားကြပြီး သမ္မတ Trump ကိုယ်တိုင်ကလည်း ဒီသီတင်းပတ်အတွင်း ထုတ်ပြန်မယ်လို့ အတည်ပြု ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG