သုံးရလွယ်ကူစေသည့် Link များ

Twilight Over Burma ဇာတ်ကား ထိုင်းနိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ပိတ်


မြန်မာပြည် နေဝင်ချိန် ရုပ်ရှင်

Twilight Over Burma ရုပ်ရှင်ဇာတ်ကားကို ထိုင်းနိုင်ငံမှာကျင်းပမယ့် ရုပ်ရှင်ပွဲတော်တခုမှာ ပြသဖို့ စီစဉ်ထားပြီးကာမှ ပွဲတော်ကို စီစဉ်တဲ့ ထိုင်းရုပ်ရှင်အဖွဲ့က အစီအစဉ်ကိုဖျက်လိုက်တဲ့အကြောင်း ထိုင်းအခြေစိုက် The Nation သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။

မြန်မာနိုင်ငံမှာလုပ်ခဲ့တဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ဒီကားကိုပြသခွင့် ပိတ်ပင်ခံရပြီးတဲ့နောက် ထိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာပြသမယ့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်တာပါ။

ဘာ့ကြောင့် မပြတာလည်းဆိုတာနဲ့ပတ်သက်ပြီး ပွဲစီစဉ်တဲ့အဖွဲ့ရဲ့ တရားဝင်ထုတ်ပြန်ချက်မရှိပေမဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး အပေါ် စဉ်းစားတာကြောင့်ဖြစ်မယ်လို့ ယူဆကြပါတယ်။

ရှမ်းစော်ဘွား စ၀်ကြာဆိုင်ရဲ့ မဟာဒေ၀ီ စ၀်သုစန္ဒီ ခေါ် Inge Sargent ရဲ့ ဖြစ်ရပ်မှန်အခြေခံ ကိုယ်တိုင်ရေးစာအုပ်အပေါ် အခြေခံ ရိုက်ကူးထားတဲ့ Twilight Over Burma ရုပ်ရှင်ပါ ဇာတ်ဝင်ခန်းတချို့မှာ ဗမာစစ်သားတွေက ရှမ်းအမျိုးသမီးတွေကို မုဒိန်းကျင့်တဲ့ အခန်းတွေပါဝင်တာကြောင့် တပ်မတော်ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ပြသဖို့မသင့်ဘူးဆိုပြီး လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ကို မြန်မာနိုင်ငံ ရုပ်ရှင်အဆင့်အတန်း သတ်မှတ်ရေးအဖွဲ့က ခွင့်မပြုခဲ့တာပါ။

ဒီရုပ်ရှင်ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအများစုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး ဇာတ်ဝင်ခန်းတချို့ကိုတော့ မြန်မာ နိုင်ငံ၊ တောင်ကြီးမြို့နဲ့ အင်းလေးကန်ဒေသတွေမှာ ရိုက်ကူးခဲ့တာပါ။

XS
SM
MD
LG