သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းမှာ ပစ်ခတ်မှုနဲ့ သတ်ဖြတ်မှုတွေကြောင့် အရပ်သားတချို့သေဆုံး


မင်းကင် PDF တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ Citizen Journalist )
မင်းကင် PDF တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ Citizen Journalist )

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တွေရဲ့ လက်ချက်နဲ့ အရပ်သား သေဆုံးမှုတွေ ရှိနေရာမှာ အင်္ဂါနေ့ကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့မှာ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားတာကို မလိုက်နာလို့ဆိုပြီး စစ်ကောင်စီတပ်သားတွေက ပစ်သတ်ခဲ့တာလို့လည်း ဒေသခံတွေက စွပ်စွဲထားတာပါ။ ဒီအကြောင်း ရန်ကုန်ကသတင်းကိုတော့ ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာ ဖြစ်ပါတယ်။

အင်္ဂါနေ့ မွန်းလွဲပိုင်းက မင်းကင်းမြို့မှာ ကွမ်းယာဝယ်နေတဲ့ မြို့ခံ ၂ ယောက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအပြင်၊ အတူလိုက်ပါလာသူ တယောက်က နှာခေါင်းစည်း မတပ်ဘူးဆိုပြီး ပြစ်တင်ပြောဆိုရာက နောက်ဆုံးမှာ ပစ်ခတ်တဲ့အထိ ဖြစ်ခဲ့တာလို့ မြို့ခံ တယောက်က ဗွီအိုအေကို ပြောပါတယ်။

“နေ့လည်က ၂ နာရီ ၃၀ လောက်က ဖြစ်သွားတာ။ ကွမ်းယာဆိုင်တဆိုင်မှာ ကွမ်းဝယ်ရင်းစောင့်နေတာလေ။ စောင့်နေတဲ့အချိန်မှာ Mask ကပါတယ်။ အောက်ကိုချထားတာ။ ချထားတဲ့အချိန်မှာ သူ့တို့ကို Mask မတပ်လို့ ဆိုပြီး စစ်ကောင်စီက ကောင်က ပြဿနာရှာတာ။ ပြဿနာရှာတော့ ပြည်သူကလည်း တောင်းပန်တာပေါ့နော်။ တောင်းပန်တာ ကွမ်းဝယ်နေလို့ပါပေါ့နော်။ Mask တပ်မှာပါ ဆရာဘာညာ ခေါ်ပြီးတော့ တောင်းပန်တာ။ ဒူးထောက်ပြီးကို တောင်းပန်တာ။ တောင်းပန်ပြီးထွက်သွားတဲ့အချိန်မှာ နောက်ကနေပြီးတော့ ခေါင်းကို တည့်တည့် ချိန်ပြီးမှကို ပစ်တာ။ မူးနေတာ မူးနေတဲ့အချိန် ဘယ်လိုမှ ပြောလို့မရဘူး။ မူးနေတဲ့အချိန်မှာ ပစ်လိုက်တာ။”

သေဆုံးသွားသူတွေဟာ မင်းကင်းမြို့အနီးက ကျွန်းတောအနောက် ရွာနဲ့ မင်းစားဘက် ရွာသားတွေ ဖြစ်ကြပြီး၊ အလောင်းတွေကို စစ်ကောင်စီတပ်သားတွေက ယူဆောင်သွားတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ မင်းကင်းမြို့က ဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်က လတ်တလော သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ အရပ်သား သေဆုံးမှု သတင်းတွေ ထွက်ပေါ်နေသလို၊ အာဏာပိုင်တွေနဲ့ နီးစပ်သူတွေကို အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားသူတွေက တိုက်ခိုက်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တနင်္လာနေ့ ညဖက်ကလည်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် သူဌေးကုန်းကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံခဲ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

“သူ့အိမ်မှာရှိတဲ့အချိန်ည ၇ နာရီကျော်လောက်ပေါ့ အဲ့မှာ ဝင်လာပြီးတော့ သတ်လိုက်တယ်ပေါ့။ သူကကျတော့ ဘာတွေလုပ်လည်းဆိုရင် စစ်တပ်သတင်းပေးပေါ့ဗျာ။ အဲ့ဒါမျိုးကိစ္စတွေလုပ်တယ်။ ရွာကိုလည်းပဲ သူဌေးကုန်းပေါ့ သူ့ကိုလည်း စစ်တပ်တွေခေါ်ဖို့ရာအတွက် သူနဲ့နီးစပ်ရာ ဆက်စပ်ရာအဖွဲ့လေးတွေကို ရွာမှာ ရှိတဲ့ အခြားနယ်ထဲမှာရှိတဲ့ ရွာတွေကို စည်းရုံးပြီး အစည်းဝေး ၃ ကြိမ်လောက်လုပ်တယ် ရွာကို စစ်တပ်ခေါ်မယ် လုပ်တာပေါ့ အဲ့ဒါမျိုးတွေ ဒလန်လုပ်တယ်ပေါ့။ ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်တာနဲ့အဲ့ဒါနဲ့ ရှင်းလိုက်တာပေါ့။”

တနင်္လာနေ့ အစောပိုင်းမှာပဲ မန္တလေးတိုင်း မြင်းခြံမြို့နယ် မီးပေါက်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့သားဖြစ်သူတို့ဟာ တည်ပင်ကျေးရွာအနီးမှာ အသတ်ခံခဲ့ရပြီး ညနေပိုင်းမှာ တည်ပင်ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေပြီး ကျေးရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားသေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အခြေအနေတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း သတိပေးထားပါတယ်။

...................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}










XS
SM
MD
LG