သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်းဘက် တိုက်ပွဲသတင်း PDF နဲ့ စစ်ကောင်စီကြား ပြောဆိုချက်ကွဲလွဲ


မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - CJ)
မြန်မာစစ်တပ် တပ်ဖွဲ့ဝင်တချို့ (ဓာတ်ပုံ - CJ)

(Zawgyi/Unicode)

စစ်ကိုင်းတိုင်းဘက်မှာ စစ်တပ်ယာဉ်တန်းကို ဗုံးခွဲတိုက်ခိုက်တယ်ဆိုတာအပေါ် ဒေသခံကာကွယ်ရေးအဖွဲ့က ပြောတာကို စစ်ကောင်စီဘက်ကတော့ ငြင်းပါတယ်။ အလားတူ ကလေးမြို့ဘက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာမှာလည်း PDF အဖွဲ့က ထုတ်ပြန်တာနဲ့ စစ်ကောင်စီက ပြောဆိုတာကြားမှာ ကွဲလွဲနေပါတယ်။ ဒီအခြေအနေတွေကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပိတောက်ကုန်းလမ်းခွဲမှာ စစ်တပ်ယာဉ်တန်းကို PDF အဖွဲ့က ကြာသပတေးနေ့မှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ PDF ခေါင်းဆောင်တဦးက ဆိုပါတယ်။

"ပုလဲဘက်မှာလည်း လမ်းခွဲဘက်မှာ ကျနော်တို့ ဒီ ပုလဲမြို့နယ် PDF ကရဲဘော်တွေပေါ့။ ကားတစီးကို လုံးဝလောက်ပဲ ဖောက်ခွဲသွားတယ်။ ထိခိုက်မှုကတော့ အဲဒီကားတစီးလုံးတောင်မှ ပျက်စီးသွားတဲ့အနေအထား ဖြစ်သွားကြတော့ ဒီအပေါ်မှာပါတဲ့ အကောင်တွေကတော့ အသက်အန္တရာယ်ကတော့ သေချာပေါက်ထိခိုက်မှာပေါ့။ "

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ အမြန်ဆုံး ရုပ်သိမ်းပေးဖို့ ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ဩဂုတ်လ ၁၁ ရက်နေ့ ရက်စွဲနဲ့ သတိပေးစာထုတ်ပြန်ထားပြီးတဲ့နောက် အခုတိုက်ခိုက်မှုဖြစ်တဲ့သတင်း ထွက်လာတာပါ။

အလားတူ မနေ့က ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ်ဘက်မှာလည်း မုံရွာကနေပြန်လာတဲ့ စစ်ကားတွေကို ကောင်းဆင့်ရွာအနီးကားလမ်းမှာ PDF အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီ PDF အဖွဲ့ခေါင်းဆောင်ကပဲ ပြောပါတယ်။

ဒေသခံတွေကလည်း မိုင်း ၅ လုံးပေါက်ကွဲခဲ့တယ်ဆိုတာနဲ့ ကားနှစ်စီး အနည်းငယ် ပျက်စီးခဲ့တယ်ဆိုတာ ပြောကြပေမယ့် ထိခိုက်မှုတော့ မတွေ့မြင်ရဘူးလို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုပါတယ်။

"မရှိပါဘူး။ သူတို့ဘယ်နေရာသွားခွဲလဲ မသိပါဘူး။ "

ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာအတွင်းကို စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေအပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို မနေ့ သြဂုတ်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပန်းမွန်ချောင်းကျေးရွာ တောင်ဘက်ကြောမှာ ကလေး PDF အဖွဲ့ကနေ ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်တာမှာ စစ်တပ်ဘက်က ၃ ဦးကျဆုံးတယ်လို့ PDF အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီးသိရဖို့ ကလေး PDF အဖွဲ့ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့် မရခဲ့ပါဘူး။

ပန်းမွန်ချောင်းအနီး ရေဆူကျေးရွာက ရွာသားတဦးကတော့ မနေ့က ပန်းမွန်ချောင်းကျေးရွာဝန်းကျင်မှာ ဖြစ်တဲ့တိုက်ပွဲကြောင့် ရွာသားထောင်ကျော် အိုးအိမ်စွန့် ထွက်ပြေးနေရတယ်လို့ပြောပါတယ်။

"ပြေးတယ် ရွာသားတွေကထွက်ပြေးတယ်။ ပန်းမွန်ချောင်းရွာရယ်။ ဟားခါးလေးရယ်၊ ရေဆူရွာထွက်ပြေးနေကြတာ။ လက်နက်ကြီးတွေချတယ်ဆိုတော့၊ လူဦးရေကတော့ ၃ ရွာပေါင်း ၂၅၀၀ လောက်ရှိမယ်။"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကလေးမြို့နယ် နတ်ချောင်းကျေးရွာဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေ ရှာဖွေဖမ်းဆီးရမိတဲ့ဖြစ်စဉ်ပဲ ရှိတယ်လို့ပြောပါတယ်။

"မနေ့ကဖြစ်တဲ့ဟာကတော့ ကလေးဘက်မှာဖြစ်တဲ့ဟာပဲရှိတယ်။ ကလေးက နတ်ချောင်းကျေးရွာဘက်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းတခုမှာ သတင်းရလို့ သွားရှာတာမှာ အဲဒီမှာတော့ သေနတ်နဲ့ ကျည်ဆံတွေမိလိုက်တဲ့ဟာ ဖြစ်စဉ်တွေရှိတယ်။ ယမ်းကြိုးတွေ တွေ့လိုက်တဲ့ဟာတွေရှိတယ်။ ပြီးရင် ဆက်စပ်တရားခံနှစ်ယောက် တွေ့တာရှိတယ်။ ဒါပဲရှိပါတယ်ဗျ။"

လက်ရှိမှာ စစ်တပ်က နတ်ချာင်းကျေးရွာမှာ ဆက်ပြီ းတပ်စွဲထားတာကြောင့် ထိတွေ့တိုက်ပွဲတွေဖြစ်လာနိုင်သလို ကလေးနဲ့ဂန့်ဂေါကြားမှာ ကားတွေ မှန်ချပြီး မောင်းနှင်သွားလာဖို့နဲ့ ဒေသခံပြည်သူတွေ လုံခြုံရေး သတိထားပြီး နေထိုင်သွားလာဖို့ ကလေးကာကွယ်ရေး PDF အဖွဲ့က အသိပေးထားပါတယ်။

.................................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)
















တိုက်ရိုက် လင့်ခ်
XS
SM
MD
LG