သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီအမှု သတ်တဲ့တရားခံကို ကြံစည်သူတွေခိုင်းတာ မဟုတ်တဲ့သဘော တရားခံရှေ့နေ နိမိတ်ပြမေးခွန်းထုတ်


NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကိုအမှုကို ဒီကနေ့ ကြားနာ စစ်ဆေးရာမှာ တရားခံ ရှေ့နေဖက်က လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်းဟာ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင် နဲ့ဇေယျာဖြိုးတို့က စေခိုင်းတာမျိုး မဟုတ်ဖူးဆိုတဲ့ အခြေအနေ တစ်ခုရောက်အောင် ဆွဲခေါ်တဲ့ မေးခွန်းမျိုးတွေနဲ့ အမှုလမ်းကြောင်းပြောင်း ဆောင်ရွက်လာတယ်လို့ တရားလိုရှေ့နေ ဦးနေလက ပြောပါတယ်။ ဒီကနေ့ စစ်ဆေးရာမှာတော့ ပြန်ခေါ်သက်သေတွေအဖြစ် ဦးကိုနီရဲ့သမီး ဒေါက်တာယဉ်နွယ်ခိုင် အပါအဝင် ၅ဦးကို ဆေးခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းကပြောပြပေးမှာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိခံထားရသူ ကြည်လင်း၊ အောင်ဝင်းဇော် ဇေယျာဖြိုးနဲ့ မကြာသေးခင်က အာမခံ ရသွားတဲ့ အောင်ဝင်းထွန်းတို့ရဲ့ အမှုအတွက် သက်သေတွေဖြစ်ကြတဲ့ ရဲမှူးဌေးအောင် ၊ ရဲမှူးမြတ်ထွန်းကျော် ၊ ဒုရဲအုပ် ဇော်နိုင်အောင် ၊ ဆရာတော် ဦးဝိဇေယျ နဲ့ ရှေ့နေ ဦးကိုနီရဲ့သမီးကြီး ဒေါက်တာယဉ်နွယ်ခိုင်တို့ကို ခေါ်ယူစစ်ဆေးခဲ့တာပါ။

ဒီကနေ့ အမှုကြားနာရာမှာတော့ တရားခံ ရှေ့နေဘက်က ကြည်လင်း ၊အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင်တို့ ၂ ဦးနဲ့ ပူးပေါင်းကြံစည်တာမျိုး မဟုတ်ဖူးဆိုတဲ့ ပုံစံပေါက်အောင် မေးမြန်းတာမျိုးတွေ ရှိခဲ့တယ်လို့ တရားလိုရှေ့နေ ဦးနေလက ဗွီအိုအေကို ပြောပါတယ်။

"ရှေ့နေတစ်ယောက်က နှုတ်ကမေးတာကို ကြည့်တဲ့အခါကျလို့ ရှိရင်တော့ အဓိကအားဖြင့် လမ်းကြောင်းက ကြည်လင်းဘက်ကနေပီးတော့ အောင်ဝင်းဇော်တို့ အောင်ဝင်းခိုင်တို့ကို ပုတ်ထုတ်တဲ့မေးခွန်းတွေ မေးမြန်းတဲ့ သဘောထားမျိုးကို တွေ့ရပါတယ်။ဓ

တရားခံဘက်က အခုလို ကြည်လင်း ၊အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင်တို့ ပူးပေါင်းကြံစည်တာမျိုး မဟုတ်ကြောင်း ပြောဆိုနေပမဲ့ သက်သေခံ အထောက်အထားတွေအရ သူတို့ ပေါင်းစည်း ကြံစည်တယ်ဆိုတာ ပေါ်လွင်နေတယ်လို့ တရားလိုရှေ့နေ ဦးနေလက ပြောပါတယ်။

"ကျနော့်ဘက်က ကျနော်ပြောမယ်ဆိုရင်တော့ `အောင်ဝင်းဇော် ၊အောင်ဝင်းခိုင်၊ ကြည်လင်းတို့ရဲ့ ပူးပေါင်းကြံစည်မှုက ဘယ်လိုမှ မဖြိုဖျက်နိုင်လောက်အောင် သက်သေခံ အထောက်အထားတွေအရ ပေါ်ပေါက်နေတယ်လို့ ကျနော် ပြောချင်ပါတယ်။ဘယ်လောက်ဘဲ ပုတ်ထုတ် မအောင်မြင် နိုင်ဖူးလို့ ကျနော် ပြောချင်တာပါ။"

ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ ကြည်လင်း အပါအဝင် သံသရရှိသူ ၃ဦးကို ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ အပတ်စဉ် သောကြာနေ့တိုင်း စစ်ဆေးလာခဲ့တာ ဖြစ်ပေမယ့် တရားသူကြီးရဲ့ ပြောင်းလဲ စစ်ဆေးမှုအရ အပတ်စဉ် ကြာသပတေးနဲ့ သောကြာ ၂ရက်ဆက်တိုက် ပြောင်းလဲ စစ်ဆေးနေပါတယ်။ဒီကနေ့ ကြားနာ စစ်ဆေးမှုဟာ ၄၈ ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG