သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု တရားလိုပြသက်သေ ၅ ဦး ပြန်ခေါ်စစ်မေး


NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်းနဲ့ သံသယရှိသူ ၃ ဦး တို့အမှုအတွက် ပြန်ခေါ်သက်သေ ၅ဦး ကို ဒီကနေ့စစ်ဆေးခဲ့ပါတယ်။ ဒီအမှုမှာ အဓိက တရားခံလို့ ယူဆခံထားရတဲ့ အောင်ဝင်းခိုင်ကို ခုချိန်ထိ မဖမ်းမိသေးတဲ့အတွက် အမှန်တကယ်ကျူးလွန်ခဲ့သူတွေကို တရားနဲ့အညီ အရေး ယူနိုင်ပါ့မလားလို့ တရားလိုဘက်က မေးခွန်း ထုတ်နေပါတယ်။ အပြည့်အစုံကိုတော့ တရားရုံးမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခကပြောပြပေးမှာပါ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ အဓိက ကျုးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ ကြည်လင်း အပြင်၊ ပူးပေါင်းကြံစည်သူတွေ အဖြစ် အာဏာပိုင်တွေက သံသယရှိနေတဲ့ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနဲ့ ဇေယျာဖြိုးတို့ရဲ့ အမှုအတွက် သက်သေတွေဖြစ်ကြတဲ့ လေဆိပ်က လုံခြုံရေးဝန်ထမ်းတွေ၊ အငှားယာဉ်မောင်းတွေနဲ့ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့က ရဲအရာရှိတွေကို အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ဒီကနေ့ ကြားနာ စစ်ဆေးခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၂ရက်နေ့ကလည်း ကြားနာစစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်သူတွေ လွတ်မြောက်ရေး အကူအညီပေးခဲ့မှု ပုဒ်မ ၂၁၂ နဲ့ စွဲချက်တင်ခံထားရတဲ့ အောင်ဝင်းထွန်းကို အာမခံပေးပြီး ပြန်လွှတ်စေခဲ့ပါတယ်။

ဒီကနေ့ ပြန်ခေါ်သက်သေတွေ စစ်ဆေးမှုနဲ့ပတ်သတ်လို့ တရားလို ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကတော့ တိကျသေချာတဲ့ ထွက်ဆိုချက်တွေကို အချက်ကျကျပေါ်အောင် စစ်ဆေးနိုင်ခဲ့တာကြောင့် သံသရရှိခံရသူတွေမှာ နောက်ကွယ်က နေစေခိုင်းသူတွေ ရှိတယ်ဆိုတာပေါ်လွင် လာတယ်လို့ ဆိုပါတယ်။

ရှေ့နေဦးကိုနီ သေဆုံးတာ ၁နှစ်ကျော် ရှိလာတဲ့အချိန်အထိ အမှုနဲ့ပက်သက်လို့ ခိုင်ခိုင်မာမာ အဖြေ မထွက်သေးတာ၊ ဒီအမှုအတွက် အရေးပါတဲ့ နောက်ကွယ်က တရားခံလို့ ယူဆခံထားရတဲ့ အောင်ဝင်းခိုင် ကနေ့အထိ လွတ်မြောက်နေသေးတာတွေကြောင့် ဒီအမှုအပေါ် အားမလို အားမရဖြစ်မှုတွေ၊ တရားစီရင်ရေး စနစ်အပေါ် မကျေနပ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

လက်ရှိ အဓိက သံသရရှိသူ အောင်ဝင်းခိုင်ကို ဖမ်းမမိနိုင်သေးတာကြောင့် အမှန်တကယ် ကျူးလွန်သူတွေကို တိကျစွာ တရားစီရင်ခွင့် ရနိုင်ပါ့မလား ဆိုတဲ့အမေးကို သေဆုံးသူ ကိုနေဝင်းရဲ့ ဥပဒေအကျိုးဆောင် ဦးရောဘတ်ဆန်းအောင်က မေးခွန်းထုတ်လိုက်ပါတယ်။

"အောင်ဝင်းခိုင်ကိုရမှ နောက်မှာရှိနေတဲ့ ဟာတွေဖော်ထုတ်နိုင်မှာ။ အောင်ဝင်းခိုင်ရဖို့ ပြည်တဲရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးရမယ်။ ပြည်သူလူထု ကလည်း ကူညီ မှရမယ်။ မဟုတ်လို့ ရှိ ရင်တော့ ကြည်လင်းမှာတင် ဂိတ်ဆုံးသွားလိမ့်မယ်။ကျန်တာအရံလိုက်မယ်။ အဲဒါရရေးက ဒါအသက်သွေးကြောဘဲ။ အဲဒါက အခုထိ ဘယ်လိုမှမအောင်မြင်နိုင်နေဘူးဗျ"

ဦးကိုနီနဲ့ ဦးနေဝင်းတို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ ကြည်လင်းတို့ ၄ ဦးကို ပြီးခဲ့တဲ့ ရုံးချိန်းမှာ စွဲချက်တင်ထားပြီး အဲဒီအထဲက အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ ကြည်လင်းတို့ သုံးယောက်ကို သေဒဏ်ထိ ကျခံရနိုင်တဲ့ ပုဒ်မတွေနဲ့ စွဲချက် တင်ထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဒီအမှုရဲ့ အဓိကတရားခံလို့ သတင်းထွက်ပေါ်နေတဲ့ အောင်ဝင်းခိုင် ဆိုသူကတော့ လွတ်မြောက်နေ တာဖြစ်ပြီး ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက အောင်ဝင်းခိုင်ကို တရားခံပြေးအဖြစ် အင်းစိန် တရားရုံးက အမိန့်ချထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ရက်နေ့က ပြစ်မှုကျူးလွန်သူကို လွတ်မြောက်အောင် ကူညီခဲ့သူလို့ စွဲချက် တင်ခံထားရသူကို အာမခံပေးတဲ့ကိစ္စနဲ့ ပတ်သက်လို ဒီအမှုကို စောင့်ကြည့်နေသူတွေအကြား မေးခွန်းထုတ်နေကြတဲ့အပေါ် အောင်ဝင်းခိုင်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်ခိုင်ဦး ကတော့ ခုလို ဆိုပါတယ်။

"တရားဥပဒေအတိုင်းသွားမှာ။ ဥပဒေမဲ့လုပ်စရာအကြောင်းမရှိပါဘူး။ တရားသူကြီးတွေက နိုင်ငံတော်မူဝါဒအတိုင်း အကောင်အထည်ဖော်နေတာဘဲ။ တရား ဥပဒေစိုးမိုးရေးအတွက် တရားသူကြီးမှစိတ်မချရရင်ဘယ်လိုလုပ်မလဲ။ ဒါသာမန်တရား သူကြီးတွေမဟုတ်ဘူး သီးခြားဖွဲ့ထားတဲ့ ခရိုင်အဆင့်ရှိသူတွေ။ နှစ်၂၀ကျော်လုပ်သက် ရှိတဲ့ တရားသူကြီးတွေကို နိုင်ငံတော်က သင့်တော်လို့ ထင်လို့ဒီလိုအရေးကြီးအမှုမှာ အဖွဲ့ဖွဲ့ထားတာပါ။ ခေါင်း၁လုံးထဲ မထားဘူး။ ခေါင်း ၃လုံးထားထားတယ်။ အဲတော့ ဥပဒေအတိုင်းလုပ်မှာ ။"

ရှေ့နေဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်တဲ့ ကြည်လင်းအပါအဝင် သံသယရှိသူ၃ဦးကို အပတ်စဉ်သောကြာနေ့တိုင်း ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင် တရားရုံးမှာ ရုံးထုတ် စစ်ဆေးနေခဲ့တာ ဖြစ်ပေမဲ့ တရားသူကြီးရဲ့ ပြောင်းလဲစစ်ဆေးမှုအရ ဒီတပတ်ကစပြီး ကြာသပတေး၊ သောကြာ ၂ရက်ဆက်တိုက် စစ်ဆေးသွားမှာ ဖြစ်ပါတယ်

အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ ကြည်လင်းတို့ ၄ ဦးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ရုံးချိန်းမှာ စွဲချက်တင်ထားတာနဲ့ ပတ်သတ်လို့ သံသယရှိခံ ထားရတဲ့ သူတို့က စွဲချက်တင်တာကို မကျေနပ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်ကို စာတင်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရန်ကုန်တိုင်း တရားလွှတ်တော်ဘက်က တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။ လာမယ့် မတ် ၈ရက်နဲ့ ၉ ရက်နေ့တွေမှာ ဒီအမှုကို ဆက်လက် ကြားနာသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG