သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအပေါ် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်အမြင်


ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကို VOA တွေ့ဆုံမေးမြန်း
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကို VOA တွေ့ဆုံမေးမြန်း

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မနှစ်က အာဆာအကြမ်းဖက်အဖွဲ့တိုက်ခိုက်မှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရာမှာ အင်အားအဆမတန်သုံးပြီး၊ ရိုဟင်ဂျာတွေကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်ရဲ့ အရေးယူဆောင်ရွက်မှုအခြေအနေ နဲ့ နိုင်ငံတကာရဲ့အမြင် အပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ရဲ့ သုံးသပ်ချက်ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ အဲဒီတော့ တပ်မတော်ဘက်ကပေါ့နော် ကာကွယ်ရေးဝန်ကြီးဌာနကနေပြီးတော့ ရခိုင်နယ်မြေရှင်းလင်းရေးမှာ တာဝန်ရှိတဲ့ပုဂိုလ်တွေကို တစုံတရာ အထိုက်အလျောက်အရေးယူတာတွေများရှိတယ်လို့ ကြားဖူးပါသလားရှင့်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်။ ။အင်းဒင်ကိစ္စဆိုရင်လည်း ကျနော်တို့ အဲဒါ သက်ဆိုင်ရာကနေပြီးတော့ တာဝန်ရှိတဲ့လူတွေရော၊ တိုင်းမှူးတွေအပါအဝင်ပေါ့နော် နာမည်တော့ အတိအကျတော့မရဘူး၊ အဲဒီလူတွေကိုတော့ အရေးယူလိုက်ပြီဖြစ်ပါတယ်။ အခုကျနော်တို့လည်း ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ပေါ့နော် ၊ အခု လက်ရှိ Fact Finding Mission ကတော့ လုံခြုံရေးတပ်ဖွဲ့ကျူးလွန်တာကို တဖက်သက်စုံစမ်းပါတယ်။ ကျန်တဲ့ ARSA အကြမ်းဖက်အုပ်စုက ကျူးလွန်တာကိုတော့ ဥပက္ခာပြုထားတယ်။ အဲဒီတော့ မျှမျှတတ ချိုးဖောက်မှုမှန်သမျှအားလုံးကို စုံစမ်းစစ်ဆေးရပါမယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးကာကွယ်တယ်ဆိုတာလည်း Community တခုတည်းကာကွယ်ရမှာမဟုတ်ဘူး ရှိသမျှလူတွေအားလုံးအခွင့်အရေးကာကွယ်ရမှာ ဆိုတော့ ဆိုလိုတာကတော့ အားလုံးအခွင့်အရေးပေါ့ ၊ ဒေသခံရော ဟိုဘက်က အဖွဲ့အသိုင်းအဝိုင်းရော အားလုံးရဲ့ အခွင့်အရေးကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ ဒီ Indenpendent commission က စုံစမ်းတွေ့ရှိလာရင် ဒါကျနော်တို့အနေနဲ့ လိုအပ်တဲ့ ပြည်တွင်းဥပဒေအရ အရေးယူတာမျိုးတွေ ကျနော်တို့လုပ်သွားရမှာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေပြီးတော့ မတော်မတရားလုပ်တယ်၊ဆိုပြီး တော်တော်များများလေးပြောပြီး ဥပမာဆိုရင် အမျိုးသမီးတွေဆိုရင် မုဒိမ်းကျင့်ခံရတယ်၊ အဲဒီမုဒိမ်းကျင့်ခံရတဲ့ ဒုက္ခသည်တွေဆိုရင် အခု ကလေးတွေလည်း မွေးနေကြပြီပေါ့နော်။ အဲဒီအခါကျတော့ ဒီလိုမွေးတယ် ဆိုတဲ့လူတွေကို DNA စစ်၊ ဒါကတော့ နိုင်ငံတကာကလုပ်နိုင်တဲ့အတိုင်းအတာပါ။ စစ်ပြီးရင် အဲဒီမှာ တာဝန်ကျခဲ့တဲ့လူ ၊ ဒီ operation မှာ ပါခဲ့တဲ့လူပေါ့နော် အဲဒါတွေကိုလည်း DNA စစ်ပြီးတော့ တကယ်လို့ တိုက်ဆိုင်တယ်ဆိုရင် တကယ်ပြတ်ပြတ်သားသားအရေးယူတဲ့ဟာမျိုးပေါ့လေ။ ဒီကာကွယ်ရေး ဝန်ကြီးဌာနဘက်ကရော တုံ့ပြန်တာမျိုး မရှိဘူးလားရှင့်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်။ ။ ကျနော်တို့အစိုးရဘက်ကလည်း အမြဲတမ်းပဲ အဲဒီအတိုင်းပြောနေပါတယ်။ ရဲစခန်း ၃၀ ကို တကယ်တမ်းတိုက်တဲ့အင်အားက စခန်းတခုမှာ ၅၀ လောက် ပေါင်းလိုက်ရင် လူက နည်းတဲ့ အင်အားမဟုတ်ဘူးပေါ့နော်။ ထောင်သောင်းနီးပါးလောက်ရှိတဲ့အင်အားနဲ့သုံးပြီးလုပ်တယ်ဆိုတော့ အဲလိုမျိုးတွေကို ပြန်လည်ပြီးတော့ နှိမ်နင်းတဲ့အခါမှာ violence ပေါ့နော် တိုက်ကြခိုက်ကြတဲ့အခါမှာ ထိတာခိုက်တာတွေတော့ရှိတယ်ပေါ့နော်။ ဒါပေမယ့် သူတို့ပြောသလို ရက်ရက်စက်စက် မုဒိမ်းကျင့်တာတို့ ၊ ကလေးအမေလက်ထဲက ကလေးကို ဓါးနဲ့ ပိုင်းဖြတ်တာတို့၊ မီးပုံထဲပစ်ချတာတို့ ဒါမျိုးတွေက မလုပ်ဘူးဆိုတာကို ကျနော်တို့ ယုံကြည်ပါတယ်။ ဒါမျိုး ကျနော်တို့ နိုင်ငံက ဖြစ်လိမ့်မယ်လို့ မထင်ဘူးလေ။ တချို့ကလည်း အမျိုးသမီးတွေ very emotional stories ပေါ့နော် အဲဒါတွေအသုံးချတယ်လို့ထင်တယ်။ ဒါကြောင့် ကျနော်တို့ Independent commission ကိုဖွဲ့ပြီးတော့ စုံစမ်းနေတာပေါ့နော်။ ဒါတကယ်ဟုတ်သလားဆိုတာ၊ အဲဒီတော့ ကျနော်တို့အနေနဲ့ အရင်တုန်းကလည်း ပြောပြီးပါပြီ ကော့ဘဇားမှာ အဲလိုကျူးလွန်ခံရသူတွေ နိုင်ငံတကာ protection နဲ့ မြန်မာပြည်ပြန်လာ တရားစီရင်ခွင့်ပေးမယ်ဆိုတာမျိုးတောင်ဖိတ်ခေါ်ပါတယ်။ နောက်ထွက်ဆိုပြီးရင် ကျနော်တို့ ဥပဒေနဲ့ အစောင့်အရှောက်နဲ့ ပြန်သွားလို့တောင်ပြောထားပါတယ်။ အခုအဲလိုမျိုးဖောက်ဖျက်တယ်ဆိုရင် တပ်ဘက်မှာ အရေးယူတဲ့ အစဉ်အလာလည်းရှိတယ် ကျနေ်ာတို့ဆီက အဲလိုချိုးဖောက်မှုရှိလာရင်တော့ တပ်ဖက်ကလည်း အရေးယူမယ်လို့ပြောထားပြီးသားဖြစ်ပါတယ်။ ဒီဘက်မှာ DNA စစ်ဖို့ဆိုတာလည်း ဒေါ်ခင်စိုးဝင်း ပြောသလို တခြားလူတွေလည်း ပြောခဲ့ပါတယ်။ တချိုကတော့ ကလေးတွေမွေးတာ ၄ သောင်းလောက်ရှိတယ် ဘာတို့ရှိနေတယ် တကယ်လက်တွေ့ကျတော့ ၊ စစ်အင်အားသုံးတာ တကယ်လုံခြုံရေးတပ်ဖွဲ့ဆိုတာ လူ ၂၀၀၀ လောက်ရှိတယ်ဆိုတာကြားဖူးပါတယ်။ အဲလိုအင်အားနဲ့ ဒီမှာ ဖြစ်ပျက်နေတာတွေက နည်းနည်း ချဲ့ကားမှုတွေပါတယ်လို့ ယူဆတယ်။ လုံးဝမဖြစ်နိုင်ဘူးလို့တော့ ကျနော်တို့မပြောနိုင်ဘူး စစ်မြေပြင်မှာ တိုက်ပွဲလုပ်တာဖြစ်တယ်ဆိုတော့ ဒါကတော့ ထိခိုက်မှုတွေ ပစ်ခတ်မှုတွေ သေနတ်ဒဏ်ရာတို့တော့ ရှိမှာပေါ့။ အဓိကတော့ ရွာတွေထဲမှာ အကြမ်းဖက်သမားတွေက ခိုအောင်းပြီးတော့ ဒီလူတွေ အရပ်သားတွေကို တပ်သားအဖြစ်သုံးလာတဲ့အခါကျတော့ ပစ်တာခိုက်တာမှာ ထိခိုက်မှုတွေတော့ရှိမှာပါ။ ဒဏ်ရာအထောက်အထားတွေတော့ ရှိကောင်းရှိမှာပါ။ ခုနကပြောသလို ရက်ရက်စက်စက်ပေါ့နော် ကလေးကို မီးပုံထဲထည့်လိုက်တာတို့ အဲဒါမျိုးတွေတော့ သူတို့မလုပ်ဘူးဆိုတာ ယုံကြည်ပါတယ်။ အဲဒီတော့ အဲဒါမျိုးတွေရှိလာရင်လည်း ကျနော်တို့ကပြောထားပြီးပြီ လူ့အခွင့်အရေးချိုးဖောက်မှု မှန်သမျှပေါ့နော် ကျနော်တို့အနေနဲ့ အရေးယူမယ်ဆိုတာ တပ်ဖက်ကလည်း ပြောထားပါတယ် အစိုးရကလည်း ပြောထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG