သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးဝင်းမြင့် ဦးစီးမှုဖြင့် ကာလုံ ပြန်လည်ဖွဲ့စည်း


သမ္မတဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုပြီးစဉ်
သမ္မတဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုပြီးစဉ်

သမ္မတသစ် ဦးဝင်းမြင့်က သူ သမ္မတဖြစ်လာတဲ့ မတ်လ(၃၀) သောကြာနေ့မှာပဲ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ)ကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါတယ်။ NLD အစိုးရတက်လာပြီး ၂-နှစ်တာ ကာလအတွင်း (ကာ/လုံ)အစည်းအဝေး ခေါ်ယူကျင်းပတာမျိုး မရှိခဲ့သလို ၊ ကျန်နေသေးတဲ့ နောက်ထပ် ၃နှစ်တာ သက်တမ်းအတွင်းမှာလည်း (ကာ/လုံ)ကိုခေါ်ဖို့ အလားအလာ နည်းတယ်လို့ သုံးသပ်သူတွေရှိနေ ပါတယ်။ တပ်မတော်သား ကိုယ်စားလှယ် အများစုပါတဲ့ (ကာ/လုံ) အစည်းဝေးကိုခေါ်ပြီး မဲခွဲရင် NLD ဘက်က ရှုံးနိမ့်မယ်လို့ အများစုက မြင်ပေမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည်ရဲ့ပြဿနာတွေကို ငြင်းခုန်ဆွေးနွေးတဲ့ နေရာတခုအဖြစ် (ကာ/လုံ)အစည်းဝေးကို ခေါ်ယူသင့်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားတာပါ။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ) ကို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ (၁၀/ ပုဒ်မခွဲ- က)အရ လူပုဂ္ဂိုလ် (၁၁)ဦးနဲ့ ပြင်ဆင်ဖွဲ့စည်း လိုက်တာဖြစ်တယ်လို့ မတ်လ(၃၀)နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားတာပါ။

သမ္မတ ဦးဝင်းမြင့် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ (ကာ/လုံ)ထဲမှာတော့ NLD ပါတီက(၄)ဦး၊ တပ်မတော်ဘက်က (၆)ဦးနဲ့အတူ ပြည်သူ့လွှတ်တော် ဥက္ကဌဖြစ်လာတဲ့ အရင်က ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်ဟောင်း ဦးတီခွန်မြတ်လဲ ပါဝင်ပါတယ်။ ဦးတီခွန်မြတ်ကို သူရဦးရွှေမန်းရဲ့အကြံပေး ချက်အရ တင်မြှောက်လိုက်တာလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ ဒါကြောင့် (ကာ/လုံ)ထဲမှာ NLD ပါတီရဲ့အင်အား ပိုနည်းသွားသလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ NLD အစိုးရကတော့ ကျန်နေသေးတဲ့ နောက်ထပ် ၃ နှစ်တာ သက်တမ်းအတွင်းမှာလည်း (ကာ/လုံ) စည်းဝေးကိုခေါ်ဖို့ အလားအလာ နည်းတယ်လို့ သုံးသပ်သူကတော့ ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ ဒေါ်ညိုညိုသင်းဖြစ်ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကာ/လုံနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် သိပ်ပြီးတော့ စဉ်းစားထားပုံမပေါ်ဘူးပေါ့နော် သူ့ သက်တမ်း ၂ နှစ်မှာလည်း ကာလုံကို ခေါ်ခဲ့တာမဟုတ်ဘူး။ ဆိုတဲ့အခါကျတော့ လာမယ့် သက်တမ်းအတွင်းမှာလည်း ထူးခြားတဲ့ ကိစ္စမရှိဘူးဆိုရင် ကျမတို့ မထင်ဘူးပေါ့လေ။ အဲဒီတော့ ဦးတီခွန်မြတ် ရောက်သွားခြင်းဟာ ကာလုံကို ဦးတီခွန်မြတ်ပါသွားခြင်းအားဖြင့် သိပ်ပြီးတော့ ထူးခြားတဲ့ နိုင်ငံရေးအပြောင်းအလဲ ဖြစ်လာမှာမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ အစကတည်းက NLD ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြောသော်လည်း ကာလုံကို မခေါ်ပဲနဲ့ တိုင်းပြည်ကို အုပ်ချုပ်နိုင်တယ်လို့ ယုံထားပုံရတယ်လေ။"

NLD အစိုးရတက်လာချိန်တုန်းက ဖွဲ့စည်းခဲ့တဲ့ (ကာ/လုံ)ကောင်စီထဲမှာ သမ္မတဟောင်း ဦးထင်ကျော်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီနဲ့သက်ဆိုင်သူ (၅)ဦး ပါဝင်ပြီး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ခန့်ထားနိုင်တဲ့ ကိုယ်စားလှယ်က (၆)ဦးရှိတာကြောင့် (ကာ/လုံ) အစည်းဝေးကိုခေါ်ပြီး မဲခွဲရင် NLD ဘက်က ရှုံးနိမ့်မယ်ဆိုတဲ့ အမြင်တွေ ရှိထားကြတာပါ။ ဒါပေမဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းပြည် ပြဿနာတွေကို ငြင်းခုန်ဆွေးနွေးတဲ့ နေရာတခုအဖြစ် (ကာ/လုံ)အစည်းဝေးကို ခေါ်ယူခြင်းအားဖြင့် တိုင်းပြည်အတွက် အကျိုးရှိလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိန်းက ပြောပါတယ်။

"တကယ်တမ်းပြောရင်တော့ သမ္မတဦးထင်ကျော်လက်ထက် ကာလုံရဲ့ ၂ ဖက်အနေအထားထက်တော့ သမ္မတဦးဝင်းမြင့်ဦးဆောင်တဲ့ ဒီကာလုံမှာ အားမျှခြေ နည်းနည်းလျော့သွားတယ်လို့ သုံးသပ်ပါတယ်။ ကျနော့်အမြင်ကတော့ ကာလုံအစည်းအဝေးမှာ တပ်မတော်ကောင်စီဝင်တွေက အများစု ရထားပေမယ့်လည်း လာမည့် ၃ နှစ်အတွင်းမှာ ကာလုံကောင်စီအစည်းအဝေးကို လုပ်သင့်တယ်လို့မြင်တယ် ။ လက်ရှိငြိမ်းချမ်းရေးအကျပ်အတည်း ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်း ၊ စီးပွားရေးအကျပ်အတည်း နောက်အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ ဒီလို စိန်ခေါ်မှုအကျပ်အတည်းတွေကို ကာလုံအစည်းအဝေးမှာ ကျယ်ကျယ်ပြန့်ပြန့် အကျိတ်အနယ် ညှိနိုင်းဆွေးနွေးပြီးတော့ အရပ်ဖက်ခေါင်းဆောင်တွေနဲ့ တပ်ခေါင်းဆောင်တွေကြားမှာ ယုံကြည်မှု နားလည်မှု ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်နိုင်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲ အတွက်ကို အလားအလာကောင်းတွေ ပေါ်ထွက်လာနိုင်မယ်လို့ ကျနော်မြင်တယ်။"

သမ္မတသစ် ဦးဝင်းမြင့်လက်ထက်မှာ လုပ်ငန်းတွေ အရင်ထက် ပိုပြီးသွက်လက် လာနိုင်တယ်ဆိုပေမဲ့ ထူးခြားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ကိုတော့ မမျှော်လင့်နိုင်သေးဘူးလို့ ဒေါ်ညိုညိုသင်းက ပြောပါတယ်။

" ပြောရမယ်ဆိုရင်တော့ သမ္မတဦးဝင်းမြင့် တက်လာခြင်းအားဖြင့် သမ္မတဟောင်း ဦးထင်ကျော်ထက်စာရင်တော့ လုပ်ငန်းတွေပိုပြီး သွက်လက်မြန်ဆန်လာမယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့် ထူးခြားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်မလာနိုင်ဘူး ဘာကြောင့်လဲဆိုတော့ နိုင်ငံကို တကယ်ဦးဆောင်တာက ဒေါ်အောင်ဆန်းစုကြည်ဖြစ်တဲ့အတွက်ကြောင့် သမ္မတပြောင်းရုံနဲ့ ကျမတို့ ထူးခြားတဲ့ နိုင်ငံရေးအပြောင်းအလဲတွေရှိမယ်လို့ တအားကြီးမျှော်လင့်ထားလို့ မရဘူး။ "

အခုပြန်လည်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ)ထဲမှာ သမ္မတ ဦးဝင်းမြင့်၊ ဒုသမ္မတ နှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဌ မန်းဝင်းခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိန်ဝင်းနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရဲအောင် စုစုပေါင်း (၁၁)ဦး ပါဝင်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG