သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေရဲ့ ရည်ရွယ်ချက်


a military truck passed through Yangon central bank
a military truck passed through Yangon central bank

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ (၄) ရက်နေ့မှာ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဖေဖေါ်ဝါရီလက ပြောပါတယ်။ အသက် (၁၈) နှစ်ကနေ (၃၅) နှစ်အထိရှိတဲ့ နိုင်ငံသားတိုင်းကို (၂) နှစ်အထိ စစ်မှုထမ်းခိုင်းတဲ့ ဥပဒေ ဖြစ်ပါတယ်။ ဒါပေမဲ့ အရေးပေါ် အခြေအနေဖြစ်လာရင် စစ်မှုထမ်းကာလကို (၅) နှစ်အထိ တိုးမြှင့်သတ်မှတ်နိုင်တယ်လို့လည်း ဆိုပါတယ်။ စစ်မှုထမ်းဖို့ ဆင့်ခေါ်တာကို သတင်းပို့ဖို့ ပျက်ကွက်ရင် (သို့မဟုတ်) တိမ်းရှောင်ရင် ထောင်ဒဏ် (၅) နှစ်အထိ ကျခံနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

တပ်သားစုဆောင်းဖို့ အခက်အခဲ ရှိလာတာကိုပြတာလို့ မြင်ကြပါတယ်။ တကယ်တော့ စစ်ကောင်စီ အာဏာမသိမ်းခင်ကတည်းက တပ်သားသစ်ရဖို့အတွက် ငွေကြေးနဲ့ မက်လုံးပေးပြီး စုဆောင်းနေကြတာ ဖြစ်တယ်လို့ စက်တင်ဘာ (၂၃) ရက်ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။ နှစ်ဆန်းပိုင်းက (၅) သိန်းလောက်ပေးမှ တပ်သားသစ်ရပေမယ့်၊ အခုတော့ သိန်း (၃၀) အထိ ပေးနေရတယ်လို့ ဆိုပါတယ်။ အလုပ်အကိုင် ရှားပါးတဲ့ အညာဒေသနဲ့ ရခိုင်ပြည်နယ်က လူငယ်တွေကို ငွေကြေးအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ဆွဲဆောင်နိုင်တာကြောင့် တပ်သားသစ် အများအပြား ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီလက်ထက်မှာ အညာဒေသဟာ စစ်အာဏာရှင်ကို အပြင်းအထန် ဆန့်ကျင်သလို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကို အခံရဆုံး ဖြစ်လာတာမို့ အညာသားတွေဟာ PDF ပြည်သူ့ကာကွယ်ရေးတပ်ထဲဝင်ဖို့သာ စိတ်အားထက်သန်ကြပါတယ်။ ဒါကြောင့် အညာဒေသမှာ တပ်သားသစ် စုဆောင်းဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေ ရောက်နေပါတယ်။ လူမျိုးရေးနဲ့ ဘာသာရေး မှိုင်းတိုက်ခံထားရတဲ့ ဒေသခံအနည်းငယ်ကိုသာ ပျူစောထီးအနေနဲ့ လက်နက်ပေးတာမျိုး ရှိပါတယ်။ ရခိုင်ရိုဟင်ဂျာ လူမျိုးရေးပဋိပက္ခ ဖြစ်ပွားတဲ့ ၂၀၁၂ နောက်ပိုင်းမှာ ရခိုင်လူငယ်အများအပြား စစ်တပ်ထဲ ဝင်လာကြလို့ လူအင်အား အတော်လေးတိုးပွားသွားဖူးပါတယ်။ ဒါပေမဲ့ ၂၀၁၆ နောက်ပိုင်း၊ AA ရခိုင်တပ် အထင်အရှား ပေါ်ထွက်လာတဲ့အခါမှာ ရခိုင်လူငယ်တွေဟာ AA တပ်မှာ အမှုထမ်းဖို့သာ စိတ်ထက်သန်ကြပါတယ်။ စစ်ကောင်စီတပ်မှာတော့ စစ်အင်အားပြုန်းတီးလာတဲ့ ပြဿနာကို ရင်ဆိုင်နေရပါတယ်။

စစ်သားသစ်ရဖို့ အခက်အခဲရှိတုန်း တိုင်းပြည်နေရာအနံှ စစ်မျက်နှာ ဖွင့်ထားရတဲ့အတွက် ကျဆုံးသူလည်း တိုးပွားနေပါတယ်။ ဒီကြားထဲ ရောဂါဖြစ်လို့၊ ပြစ်မှုကျူးလွန်လို့ တပ်ကထွက်ပေးရသူလည်း ရှိပါတယ်။ တပ်ကထွက်ပြေးသူနဲ့ CDM လုပ်သူတွေလည်း ရှိလာပါတယ်။ ခေါင်းဆောင်မှုကို မကြိုက်လို့ စစ်ပန်းလို့ တပ်ကထွက်ကြတာလို့ ဧရာဝတီစာစောင်မှာ ဖော်ပြပါတယ်။ တပ်သားသစ် စုဆောင်းတဲ့အခါမှာလည်း ပျူစောထီးနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ သားသမီးတွေကို ပစ်မှတ်ထားလာတယ်လို့ ဆိုပါတယ်။ ကျန်းမာရေး စစ်ဆေးတာမျိုးတွေ လုပ်မနေတော့ဘဲ ကြုံတဲ့လူကို ဆွဲထည့်နေတယ်လို့ CDM လုပ်ထားတဲ့ ဗိုလ်ကြီးလင်းထက်အောင် ပြောတာကိုလည်း ဖော်ပြထားပါတယ်။

စစ်မှုထမ်းပြီး အသက်မွေးဝမ်းကျောင်းလုပ်သူနဲ့ စစ်မှုထမ်းဥပဒေကြောင့် တပ်ထဲရောက်လာသူဆိုပြီး စစ်သား (၂) မျိုး (၂) စား ရှိလာပါတယ်။ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်ဆိုပေမယ့် ဖွံ့ဖြိုးစနိုင်ငံတွေမှာတော့ လာဘ်ပေးနိုင်သူဟာ ကင်းလွတ်ခွင့် ရကြပါတယ်။ စစ်မှုမထမ်းမနေရလို့ ဆိုပေမယ့် စစ်တပ်က ခွင့်ပြုမှာသာ စစ်မှုထမ်းနိုင်တာပါ။ ဥပမာ - ဆေးစစ်တာ မအောင်ရင်၊ စစ်မှုမထမ်းနိုင်ပါဘူး။ ကျန်းမာရေးအဆင့်မမီလို့ စာရေးအလုပ်နဲ့ ရဲတပ်သားအလုပ်သာ လုပ်ကြသူတွေ ရှိပါတယ်။ ဆင်းရဲသားတွေကသာ စစ်မှုထမ်းကြပါတယ်။ ပညာနည်းတဲ့ ဆင်းရဲသားအဖို့ကတော့ စစ်မှုထမ်းရတာ အလုပ်အကိုင် ရရှိသွားတဲ့သဘော ဖြစ်ပါတယ်။ ပညာတတ်လူငယ်တွေသာ စစ်တပ်ထဲ မဝင်ချင်ပါဘူး။ စစ်မှုထမ်းရလို့ မိမိကိုယ်မိမိ သတ်သေတာမျိုးတွေတောင် ရှိပါတယ်။ ဒါကြောင့် အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့စနစ်ကို မကျေနပ်သူများတာကြောင့် အမေရိကမှာ ၁၉၇၃ မှာ ဖျက်သိမ်းလိုက်ရပါတယ်။

၁၉ ရာစု ဥရောပမှာ နိုင်ငံတွေ တည်ဆောက်တဲ့အခါ အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမယ်ဆိုတဲ့ အယူအဆ ထွက်ပေါ်လာပါတယ်။ နိုင်ငံအချင်းချင်း စစ်ဖြစ်တတ်တာမို့ နိုင်ငံခြားရန်ရှိတဲ့ တိုင်းပြည်မှာ စစ်မှုမထမ်းမနေရစနစ် ကျင့်သုံးပါတယ်။ စစ်မှုထမ်းဥပဒေဟာ နိုင်ငံအသီးသီးရဲ့ Military Doctrine ခေါ် စစ်သဘောတရားနဲ့လည်း ဆက်စပ်ပါတယ်။ လူဦးရေနည်းပြီး ရန်လိုတဲ့ အရပ်နိုင်ငံတွေ ပတ်လည်ဝိုင်းနေတဲ့ အစ္စရေးနိုင်ငံဟာ လူတိုင်းစစ်မှုထမ်းတဲ့စနစ် ကျင့်သုံးတဲ့အကျိုးကို ခံစားနေရပါတယ်။ စစ်တပ်ကို လူ့အဖွဲ့အစည်းနဲ့ ပေါင်းစည်းလိုက်တဲ့ သာဓက ဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ လွတ်လပ်ရေးရစမှာ တရုတ်ကွန်မြူနစ်ကို ရန်သူအဖြစ် သတ်မှတ်တဲ့ စစ်သဘောတရား ခေတ်စားခဲ့ပါတယ်။ နောက်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေ တိုက်ခိုက်နှိမ်နင်းဖို့ အဓိကဦးတည်တဲ့ စစ်သဘောတရား ပေါ်ထွက်လာပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားလူမျိုးတိုင်းမှာ လက်နက်ကိုင်အဖွဲ့ ရှိနေတဲ့အတွက် အပစ်ရပ်တာတွေနဲ့ စည်းရုံးသိမ်းသွင်းတာတွေ လုပ်လာရပါတယ်။ ဒီလိုအခြေအနေမှာ စစ်မှုထမ်းဥပဒေကို ပြဌာန်းတာဟာ လူအင်အား၊ လက်နက်အင်အား အများအပြားသုံးပြီး ပြည်သူ့ခုခံစစ်ကို အပြတ်အသတ်နှိမ်နင်းဖို့ ရည်ရွယ်တာသာ ဖြစ်နိုင်ပါတယ်။

=== Unicode ====









XS
SM
MD
LG