သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UDP ပါတီဥက္ကဋ္ဌဟောင်း ဦးကျော်မြင့် ထောင်ပြေးမှုနဲ့ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရ


မန္တလေးမြို့ တရားရုံးမှာ ဦးကျော်မြင့်ကို ရုံးထုတ်ခဲ့တဲ့မြင်ကွငး။ (နိုဝင်ဘာ ၁၂၊ ၂၀၂၀)
မန္တလေးမြို့ တရားရုံးမှာ ဦးကျော်မြင့်ကို ရုံးထုတ်ခဲ့တဲ့မြင်ကွငး။ (နိုဝင်ဘာ ၁၂၊ ၂၀၂၀)

[Zawgyi/Unicode]

ဖျက်သိမ်းခံထားရတဲ့ UDP ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုပုဒ်မနဲ့ ဒီကနေ့ပဲ မန္တလေးမြို့ တရားရုံးမှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မန္တလေးမြို့ တရားရုံး မြင်ကွငး။ (နိုဝင်ဘာ ၁၂၊ ၂၀၂၀)
မန္တလေးမြို့ တရားရုံး မြင်ကွငး။ (နိုဝင်ဘာ ၁၂၊ ၂၀၂၀)

နှင်းဆီပါတီလို့ လူသိများတဲ့ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က မန္တလေး အိုးဘိုထောင်မှာ ထောင်ဒဏ်ကျခံနေစဉ် ထွက်ပြေးသွားခဲ့တဲ့ အမှုဟောင်းနဲ့ မန္တလေးတိုင်း ချမ်းအေးသာစံ မြို့နယ်တရားရုံးက ဒီကနေ့ပဲ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် စီရင်ချက်ချလိုက်တာ ဖြစ်ပါတယ်။ မူလက ကျန်နေသေးတဲ့ ထောင်ဒဏ် ၈ နှစ်အပြင် နောက်ထပ် သီးခြားကျခံဖို့ အမိန့်ချလိုက်တာလို့လည်း ဦးကျော်မြင့်ရဲ့ အကျိုးဆောင်ရှေ့နေ ဦးနေလင်းထွန်းက သတင်းထောက်တွေကို ပြောပါတယ်။

“ဒီနေ့ကတော့ ထောင်ပြေးမှု ၂၂၄ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ်ပေါ့နော်။ အမိန့်ချလိုက်တယ်။ သူ့ကို လက်ရှိချုပ်နှောင်ထားတဲ့ ချုပ်ရက်ကာလကိုတော့ ထုတ်နုတ်ကျခံခြင်း ခံစားခွင့်တော့မပြုဘူး။ မူရင်းပြစ်ဒဏ်နဲ့ သီးခြားကျခံဖို့ အမိန့်ချလိုက်တယ်။ ၂၂၄ ဖြစ်တဲ့အတွက် ချုပ်ထားတဲ့ ချုပ်ရက်ကာလတော့ ခံစားခွင့် မပြုထားပါဘူး။ ၂၂၄ ရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်ပါတယ်။ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တာပါ။ လာမယ့် ရုံးချိန်းက ၂၅ ရက်နေ့ပေါ့နော်။ ၂၅ ရက်နေ့က သူက ဘာလည်းဆိုရင် လဝက အမှုအတွက် အမိန့်ချမှတ်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ကတော့ လဝက အမှုအတွက်ကတော့ ဒီနေ့ လျှောက်လွှဲချက် ကြားနာလိုက်တယ်။ လာမယ့် ရုံးချိန်းက ၂၅ ရက်နေ့ပါ။”

ဦးကျော်မြင့်ဟာ ရာဇဝတ်မှုပုဒ်မနဲ့ ၁၉၉၉ ခုနှစ်မှာ အိုးဘိုထောင်ကနေ ထွက်ပြေးတဲ့အတွက် ထောင်ပြေးမှုပုဒ်မ ၂၂၄ အတွက် တရားလိုပြ ၅ ဦးကို စစ်ဆေးခဲ့ပြီး တရားခံပြ ၂ ဦးကို စစ်ဆေးခဲ့ပြီးနောက် အခုလို အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ထောင်ပြေးမှုပုဒ်မ ၂၂၄ အတွက် အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၂ နှစ် ချမှတ်ဖို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း ချမ်းအေးသာစံမြို့နယ် တရားသူကြီး ဦးကျော်မျိုးဝင်းက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“တရားရုံးကလည်း တခါတလေ ပြစ်ဒဏ်ဆိုတာက စဉ်းစားပြီးချရတာပေါ့နော်။ ကျနော်တို့ တရားရုံးက ချမှတ်တဲ့ ပြစ်ဒဏ်တော့ ပုံမှန်အားဖြင့်တော့ Maximum မျှတတဲ့ ပြစ်ဒဏ်ချမှတ်တယ်။ အမြင့်ဆုံး ပြစ်ဒဏ် ချမှတ်တယ်ဆိုတာကလည်း ထောင်ဒဏ်က နည်းပါးတယ်။ ၂ နှစ်ပဲရှိတယ်။ နောက်တော့ ဒီထွက်ပြေးတဲ့ အကျိုးဆက်ကြောင့် ထောင်ဒဏ် ကျခံရတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ နစ်နာတယ်ဆိုတဲ့ နစ်နာမှုတွေကလည်း ရှိတဲ့အတွက် တရားရုံးက ဒီ ၂ နှစ်က သင့်တော်မယ်လို့ ယူဆတဲ့အတွက် ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။”

ပြည်ပကနေ မြန်မာနိုင်ငံကို တရားမဝင် ပြန်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှတ် (၈) စခန်းမှူး ဒုရဲမှူးအောင်မင်းက တရားလိုအဖြစ် စွဲဆိုထားတဲ့ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၃(၁) နဲ့ စွဲချက် တင်သင့်၊ မတင်သင့် ဆိုတာကိုတော့ လာမယ့်ရုံးချိန်းမှာ ဆုံးဖြတ်မယ်လို့လည်း ခန့်မှန်းထားပါတယ်။

လက်ရှိမှာတော့ ဦးကျော်မြင့် နေထိုင်ခဲ့တဲ့ နေရာ ၃ ခုကို ယာယီသိမ်းဆည်းထားပြီး သူ့ပိုင်ဆိုင်မှုတွေကို ငွေကြေးစိစစ်ရေးအဖွဲ့က စိစစ်နေပြီးတော့ ရရှိလာတဲ့အချက်အလက်တွေမူတည်ပြီး ပြည်ထဲရေး ဒုဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က လေ့လာသုံးသပ်ပြီး တရားစွဲဆိုခွင့်ပြုမယ်ဆိုရင် ငွေကြေး ခဝါချမှုတွေနဲ့ပါ အရေးယူဆောင်ရွက်မယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောထားပါတယ်။ ဦးကျော်မြင့်ရဲ့ရှေ့နေကတော့ အခုချိန်ထိ ငွေကြေးခဝါချမှုနဲ့ တရားစွဲဆိုထားတာ မရှိသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

ဦးကျော်မြင့် ဦးဆောင်တဲ့ UDP ပါတီဟာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ဒုတိယအများဆုံးနေရာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ ထောင်ပြေးမှုအပါအဝင် ရာဇဝတ်မှုတွေနဲ့ အရေးယူခံရပြီးနောက်မှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီကို ပယ်ဖျက်ခဲ့သလို ကိုယ်စားလှယ်လောင်းတွေကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG