သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဘုရင်ရဲ့ အကြိုက်ဆုံးတေးများ Apple ရေဒီယိုမှာ နားဆင်နိုင်


ဗြိတိန်ဘုရင် Charles ကို ဘာကင်ဟမ် နန်းတော်တွင်း "The King's Music Room" လွှင့်ထုတ်မှု ရိုက်ကူးရေးအတွင်းတွေ့ရစဥ်။
ဗြိတိန်ဘုရင် Charles ကို ဘာကင်ဟမ် နန်းတော်တွင်း "The King's Music Room" လွှင့်ထုတ်မှု ရိုက်ကူးရေးအတွင်းတွေ့ရစဥ်။

ဗြိတိန်ဘုရင် ချားလ်စ်က သူ့ဘဝတလျှောက် ပျော်ရွှင်မှုပေးခဲ့တဲ့ဂီတတွေကို အသံလွှင့်အစီအစဉ်သစ် တခုအနေနဲ့ ကြားကြရမှာ ဖြစ်ပါတယ်။ ဂျမေကာကျွန်းက ရက်ဂေးအဆိုတော်ကြီး Bob Marley ဘော့မာလီကအစ ဩစတြေးလျက နာမည်ကျော်ပေါ့ပ်အဆိုတော် Kylie Minogue ကိုင်လီ မနို့ဂ် အဆုံး တေးသီချင်းမျိုးစုံကို ချားလ်စ်ဘုရင်က နှစ်ခြိုက်နားဆင်တာ ဖြစ်ပါတယ်။

The King's Music Room “ဘုရင်ရဲ့ ဂီတအခန်း” လို့ နာမည်ပေးထားတဲ့ အွန်လိုင်းတေး သီချင်းစာမျက်နှာမှာ ထည့်သွင်းပေးထားတဲ့ သီချင်း ၁၇ ပုဒ် စာရင်းကို ဘုရင်ကြီးကိုယ်တိုင် ရွေးချယ် ခဲ့တာဖြစ်ပြီး ဒီစာရင်းကို Commonwealth Day ဓနသဟာယ နိုင်ငံများနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မတ်လ ၁၀ ရက် တနင်္လာနေ့နဲ့ အင်္ဂါနေ့မှာ Apple Music ရဲ့ ကမ္ဘာလုံးဆိုင်ရာ ရေဒီယိုလိုင်းတွေမှာ ထုတ်လွှင့်မှာပါ။

“ကျနော့်ဘဝတလျှောက် ဂီတဟာ ကျနော့်အတွက် အဓိပ္ပါယ်ရှိတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။” လို့ ချားလ်စ်ဘုရင်က ဘာကင်ဟမ်နန်းတော်မှာ ရိုက်ကူးထားတဲ့ အစီအစဉ်မိတ်ဆက်ဗွီဒီယိုမှာ ပြောထားပါတယ်။

“ဂီတဟာ နှလုံးသားထဲက နက်ရှိုင်းတဲ့နေရာကနေ ပျော်စရာအမှတ်တရတွေကို ပြန်လည် ဆောင်ကြဥ်း ပေးနိုင်တယ်၊ ဝမ်းနည်းကြေကွဲချိန်မှာ စိတ်သက်သာရာရစေတယ်၊ အဝေးကနေရာတွေကိုလည်း ခေါ်ဆောင်ပေးနိုင်တယ်” လို့လည်း ပြောပါတယ်။

သက်တော် (၇၆) နှစ်ရှိပြီဖြစ်တဲ့ ချားလ်စ်ဘုရင်က သူ့အကြိုက် သီချင်းစာရင်းကို မျှဝေပေးရုံမကဘဲ သူ အနုပညာရှင်တချို့နဲ့ တွေ့ဆုံခဲ့တာတွေ၊ ဒီသီချင်းတွေက သူ့အတွက် ဘာလို့ အရေးပါသလဲဆိုတာကို လည်း ပြန်ပြောပြထားတယ်လို့ Apple က ဆိုပါတယ်။ ဒီသီချင်းစာရင်းထဲမှာ ဓနသဟာယ နိုင်ငံတွေက အနုပညာရှင်တွေပါဝင်ပြီး ၁၉၃၀ ပြည့်လွန်က သီချင်းတွေ၊ ပြီးတော့ အာဖရိကတေးသွား သီချင်းတွေလည်း ပါဝင်ပါတယ်။

တချိန်က ဗြိတိသျှအင်ပါယာလက်အောက်ခံဖြစ်ခဲ့ပြီး အခုတော့ ဓနသဟာယနိုင်ငံတွေအဖြစ် မိမိကိုယ်ပိုင်ဆန္ဒနဲ့ ဆက်လက်ရပ်တည်နေတဲ့ နိုင်ငံ (၅၆) နိုင်ငံ နှစ်စဉ်ကျင်းပတဲ့ ဒီအထိမ်းအမှတ်နေ့မှာ ဂုဏ်ပြုတဲ့အနေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ဆန်းသစ်တဲ့စိတ်ကူးနဲ့ ဒီလိုလုပ်ဖြစ်တယ်လို့လည်း ဘုရင်က ပြောပါတယ်။

“ဒါကြောင့် ကျနော့်ကို စိတ်ပျော်ရွှင်မှုပေးခဲ့တဲ့ သီချင်းတွေကို အားလုံးနဲ့ မျှဝေချင်တာပါ။ နားထောင် ပေးတဲ့အတွက် ကျေးဇူးတင်တယ်။ အားလုံးအတွက် အကောင်းဆုံး ဆုတောင်းပေးပါတယ်။” လို့ ဘုရင်ကြီးက ပြောကြားထားပါတယ်။

“The King’s Music Room” ကို Apple Music 1 ရေဒီယိုမှာ မတ်လ (၁၀) ရက် ဂရင်းနစ်စံတော်ချိန် မနက် (၆) နာရီမှာ ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG