သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G7 ထိပ်သီးဆွေးနွေးပွဲ ယူကရိန်းသမ္မတ ကိုယ်တိုင်တက်ရောက်မည်


ယခင်မှတ်တမ်းရုပ်ပုံ | အိုက်စလန်နိုင်ငံ Reykjavik မြို့မှာကျင်းပတဲ့ ဥရောပကောင်စီထိပ်သီးအစည်းအဝေး ဖွင့်ပွဲအတွင်း ဗွီဒီယိုကတဆင့်မိန့်ခွန်းပြောကြားနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (မေ ၁၆၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | အိုက်စလန်နိုင်ငံ Reykjavik မြို့မှာကျင်းပတဲ့ ဥရောပကောင်စီထိပ်သီးအစည်းအဝေး ဖွင့်ပွဲအတွင်း ဗွီဒီယိုကတဆင့်မိန့်ခွန်းပြောကြားနေတဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy (မေ ၁၆၊ ၂၀၂၃)

ကမ္ဘာပေါ်က စီးပွားရေးအင်အားကြီး ဒီမိုကရေစီနိုင်ငံတွေ ပါဝင်တဲ့ G7 ထိပ်သီးဆွေးနွေးပွဲကို ယူကရိန်းသမ္မတ Volodymyr Zelenskyy လူကိုယ်တိုင် တက်ရောက်မှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ G7 ခေါင်းဆောင်တွေက ယူကရိန်းအရေးနဲ့ပါတ်သက်လို့ သန္နိဌာန်ခိုင်ခိုင်မာမာနဲ့ ရပ်တည်နေကြတယ်လို့ ကြေညာချက်ထုတ်ပြန်ပါတယ်။

ရုရှားစစ်ပွဲအတွက် အသုံးပြုနိုင်တဲ့ G7 နိုင်ငံတွေက စစ်မှုလုပ်ငန်းသုံး စက်ပစ္စည်းကိရိယာတွေ၊ နည်းပညာတွေတင်ပို့ရောင်းချမှုတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ကန့်သတ်ရေး ပိတ်ပင်ရေးနဲ့ ရုရှားစိန်လုပ်ငန်းတွေကနေ ဝင်ငွေမရအောင် တင်သွင်းမှုတွေ ပိတ်ပင်ရေးပါဝင်တဲ့ အရေးယူဒဏ်ခတ်မှုတွေ လုပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ယူကရိန်း နိုင်ငံအရေးနဲ့ပတ်သက်လို့ အလုံးစုံပါဝင်တဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး ရေရှည် ရရှိအောင် ကူညီ ဆောင်ရွက်သွားမယ့်လို့လည်း ကတိပြုခဲ့ကြပါတယ်။ ယူကရိန်းသမ္မတ Zelenskyy အနေနဲ့ တနင်္ဂနွေနေ့ကျရင် G7 ထိပ်သီးစည်းဝေးပွဲမှာ ဗွီဒီယိုမိန့်ခွန်း ပြောမယ်လို့ အစောပိုင်း မျှော်လင့်ခဲ့ကြပေမဲ့ အခုတော့ လူကိုယ်တိုင် တက်ရောက်မှာဖြစ်တယ်လို့ ယူကရိန်း အမျိုးသား လုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ အတွင်းရေးမှူး Oleksiy Danilov က ဒီကနေ့ နိုင်ငံတော် ရုပ်သံကတဆင့် အတည်ပြု ပြောကြားခဲ့တာပါ။

အင်မတန် အရေးကြီးတဲ့ အကြောင်းအရာတွေ ဆွေးနွေး ဆုံးဖြတ်ကြမှာဖြစ်လို့ သမ္မတ ကိုယ်တိုင်တက်ရောက်မှာ ဖြစ်ပြီး ဒါဟာ ယူကရိန်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အထူး အရေးကြီးတဲ့ ကိစ္စပါပဲလို့ မစ္စတာ Danilov ကပြောပါတယ်။ G7 နိုင်ငံတွေအနေနဲ့ ယူကရိန်းဘက်က အခိုင်အမာ ရပ်တည်နေကြောင်း အခိုင်အမာထပ်ကတိပြုပြောကြားနေချိန်မှာ ယူကရိန်းသမ္မတ Zelenskyy အနေနဲ့ G-7 ထိပ်သီး ဆွေးနွေးပွဲကို လူကိုယ်တိုင် တက်ရောက်မှာဖြစ်ပါတယ်။ တရားမဝင်၊ လက်ခံနိုင်စရာ အကြောင်းမရှိ၊ ရန်စမှု မရှိဘဲ ယူကရိန်းအပေါ် ရုရှားစစ်ဝင်တိုက်တဲ့အပေါ် G7 နိုင်ငံအားလုံး အတူဆန့်ကျင်ကြတယ်လို့ G7 ခေါင်းဆောင်တွေ ဒီနေ့ ထပ်မံပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG