သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းတန်ပြန်ထိုးစစ် နယ်မြေတချို့မှာ အရေးသာ (သမ္မတ Zelenskyy)


ယူကရိန်းသမ္မတ ဇာလန်းစကီး (ဗဟို)
ယူကရိန်းသမ္မတ ဇာလန်းစကီး (ဗဟို)

ယူကရိန်းနိုင်ငံတောင်ပိုင်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ယူကရိန်းတပ်တွေက ပြီးခဲ့တဲ့အပတ်အတွင်း တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး အရှေ့ပိုင်း Bakhmut အနီးမှာလည်း လှုပ်ရှားမှုတွေ ရှိနေတယ်လို့ သမ္မတ Volodymyr Zelenskyy က တနင်္ဂနွေနေ့က ပြောပါတယ်။

ယူကရိန်းရဲ့ သုံးလကြာ တန်ပြန်ထိုးစစ်မှာ အရှေ့ခြမ်းနဲ့ တောင်ပိုင်းမှာ တစုံတရာ အသာနေရတယ်ဆိုတဲ့ တာဝန်ရှိသူတွေက အကဲဖြတ်ပြောဆိုနေချိန်မှာပဲ ယူကရိန်းသမ္မတကလည်း အခုလို မှတ်ချက်ပေးပြောဆိုလာတာပါ။ ပြီးခဲ့တဲ့ ၇ ရက်တာကာလအတွင်း အရှေ့ခြမ်း Tavria ဒေသမှာ ရှေ့ကိုတိုးနိုင်ခဲ့သလို Bakhut ဒေသမှာလည်း လှုပ်ရှားမှုတွေရှိနေတယ်လို့ သမ္မတ Zelenskyy က ညပိုင်း ဗွီဒီယိုမိန့်ခွန်းမှာ ပြောထားပါတယ်။ တချိန်တည်းမှာတော့ ယူကရိန်းနိုင်ငံအရှေ့ခြမ်းမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံတကာအကူအညီပေးရေးလုပ်သားတွေရဲ့မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

Donetsk ဒေသမှာ ကူညီကယ်ဆယ်ရေးအဖွဲ့ယာဉ်တစင်းကို ရုရှားက ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် ကနေဒါလူမျိုး Anthony Ihnat နဲ့ စပိန်နိုင်ငံသား Emma Igual တို့ သေဆုံးပြီး ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရသူ နှစ်ဦးရှိခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို ရုရှားရဲ့တိုက်ခိုက်မှုကိုကြည့်မယ်ဆိုရင် ယူကရိန်းစစ်ဟာ လူ့အသက်တွေကို တန်ဖိုးထားတဲ့ ကမ္ဘာကြီးက လူတိုင်း လူတိုင်းနဲ့ ပတ်သက်နေတယ်ဆိုတာကို ပြနေတာပဲလို့ ယူကရိန်းသမ္မတက မနေ့ညနေပိုင်း သူ့မိန့်ခွန်းမှာ ထည့်သွင်းပြောပါတယ်။ ဒါကြောင့် ဒီ အကြမ်းဖက်မှုတွေကိုရပ်ဖို့ မကောင်းဆိုးဝါးကို အနိုင်ယူဖို့ လူမှုအသိုက်အဝန်းအတွက် ကျင့်ဝတ် ဝတ္တရားဖြစ်တယ်လို့လည်း ပြောပါတယ်။

Road to Relief ကယ်ဆယ်ရေးအဖွဲ့က လုပ်အားပေးဝန်ထမ်းလေးဦးဟာ အဲဒီမှာ ပိတ်မိနေတဲ့ ဒဏ်ရာရသူတွေကို ကယ်ထုတ်ရေးမှာ ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ တိုက်ခိုက်ခံရမှုကြောင့် ကနေဒါနိုင်ငံသား Anthony Ihnat သေဆုံးခဲ့သလို ဂျာမဏီက ဆေးဖက်ဆိုင်ရာ လုပ်သား Ruben Mawick နဲ့ ဆွီဒင်က အကူအညီပေးရေးလုပ်သား Johan Mathia Thyr တို့ ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Road to Relief အဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG