သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ် နိုင်ငံတကာဥပဒေချိုးဖောက်ဟု G7 ဝန်ကြီးများထုတ်ပြန်


G7 countries flags photo AFP
G7 countries flags photo AFP

ဧပြီ ၁၈၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

G7 စက်မှုထိပ်သီး ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ချက်ထဲမှာ ယူကရိန်းကို ရုရှားကျူးကျော်စစ်ဟာ ပြင်းထန်တဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုဖြစ်တာမို့ ရုရှားတပ်တွေ ခြွင်းချက်မရှိ အမြန်ဆုံးဆုတ်ခွာပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ တချိန်တည်းမှာတော့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ ယူကရိန်းအရှေ့ခြမ်းက Avdiivka မြို့ငယ်လေးတမြို့က ယူကရိန်းစစ်သည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။

မနေ့တုန်းကတော့ ရုရှားသမ္မတပူတင်ဟာ ရုရှားကသိမ်းပိုက်ထားတဲ့ နယ်မြေတွင်းက စစ်ဘက်ခေါင်းဆောင်တွေ၊ စစ်သည်တွေကို သွားရောက်တွေ့ဆုံခဲ့တယ်လို့ရုရှားဘက်က ထုတ်ပြန်ခဲ့တာပါ။

ယူကရိန်းသမ္မတခရီးစဉ်အတွင်း မြေပြင်တပ်မှူးတွေက တိုက်ပွဲအခြေအနေတွေကို ရှင်းပြခဲ့တယ်လို့ ယူကရိန်းသမ္မတရုံးက ပြောပါတယ်။ ယူကရိန်းသမ္မတဟာ အဲဒီ စစ်သည်တွေကို တွေ့ဆုံနေတဲ့ပုံတွေ၊ ဆေးရုံတရုံကိုသွားပြီး ဒဏ်ရာရစစ်သည်တွေကို တွေ့ဆုံဂုဏ်ပြု ဆုပေးနေတဲ့ဗွီဒီယိုမှတ်တမ်းတွေကိုလည်း ယူကရိန်းက ထုတ်ပြန်ပါတယ်။ ရုရှားတို့ဟာ ဆောင်းတွင်းစစ်ဆင်ရေးကာလမှာ Avdiivka မြို့ကို ဦးတည်စစ်ဆင်ပေမယ့် နယ်မြေတချို့ကိုပဲ သိမ်းယူနိင်ခဲ့တာပါ။

ယူကရိန်းသမ္မတရုံးကထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းမှာတော့ မြို့ရဲ့ အိမ်ခြေအဆောက်အဦးတွေ အတော်ကြီးပျက်စီးနေတာမြင်ရပါတယ်။ အဲဒီမြို့မှာ ယူကရိန်းအရပ်သား ၁,၈၀၀ ကျော် ကျန်ရှိနေတယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားထုတ်ပြန်မှုမှာတော့ ရုရှားသမ္မတပူတင်ဟာ တနင်္လာနေ့တုန်းက ရုရှားကသိမ်းယူထားတဲ့ ယူကရိန်းပိုင် Kherson နဲ့ Luhansk ဒေသကိုသွားရောက်ပြီး ရုရှားတပ်တွေနဲ့ တွေ့ဆုံတယ်လို့ဆိုပါတယ်။ ဒီသတင်းမှန်ရင်တော့ ဒါဟာ ယူကရိန်းဒေသ ရုရှားသိမ်းပိုက်နယ်မြေထဲကို သမ္မတပူတင် နှစ်လအတွင်း ဒုတိယမြောက်သွားရောက်တာဖြစ်ပါတယ်။

ယူကရိန်းစစ် နိုင်ငံတကာဥပဒေချိုးဖောက်ဟု G7 ဝန်ကြီးများထုတ်ပြန်
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG