သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်း အရှေ့မြောက်ပိုင်းမှာ လူ ၅၁ ဦး သေဆုံး 


ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်မှုခံခဲ့ရတဲ့ ဟရိုဇာရွာမြင်ကွင်း။ (အောက်တိုဘာ ၅၊ ၂၀၂၃)
ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်မှုခံခဲ့ရတဲ့ ဟရိုဇာရွာမြင်ကွင်း။ (အောက်တိုဘာ ၅၊ ၂၀၂၃)

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းက ရွာတရွာမှာ ရုရှားရဲ့ ကြာသပတေးနေ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၅၁ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်းအာဏာပိုင်တွေက ပြောပါတယ်။ မွန်းလွဲပိုင်းမှာ တိုက်ခိုက်မှု ကြောင့် ခါကိဗ် (Kharkiv) ဒေသရှိ ဟရိုဇာ (Hroza) ရွာမှာ ဆိုင်တဆိုင်နဲ့ ကော်ဖီဆိုင်တဆိုင် ထိခိုက်ခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ခဲ့သလို ဒဏ်ရာရသူတွေထဲမှာလည်း ကလေးငယ်တဦးပါဝင်တယ် ဆိုပါတယ်။

ရုရှားတပ်တွေက ရွာကို ဒုံးကျည်နဲ့ ပစ်ခတ်တာလား၊ ဗုံးကြဲတာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ " အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေဆဲ” ယူကရိန်းက Telegram ကတဆင့် သတင်းထုတ်ပြန်ပါတယ်။ တာဝန်ရှိသူတွေ ထုတ်ပြန်တဲ့ ဗွီဒီယိုထဲမှာတော့ မီးလောင်နေတဲ့ အပျက်အစီးတွေကြားမှာ ကယ်ဆယ်ရေးလုပ်သားတွေ ရှာဖွေရေးလုပ်နေတာကို တွေ့ရသလို ရုပ်အလောင်းတချို့ကိုလည်း တွေ့ရပါတယ်။

တဘက်မှာတော့ Odesa၊ Mykolaiv နှင့် Kirohovrad ဒေသတွေမှာ ရုရှားဒရုန်း ၂၉ စင်းအနက် ၂၄ စင်းကို ဖျက်ဆီးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ စပိန်နိုင်ငံမှာ ဥရောပတိုက်ကခေါင်းဆောင် ၅၀ လောက်ပါဝင်တဲ့ ထိပ်သီးအစည်းအဝေး တခုတက်ရောက်နေတုန်းမှာ ဟရိုဇာ တိုက်ခိုက်မှု ဖြစ်ခဲ့တာပါ။ အဲဒီမှာ Zelenskyy က ရုရှားကျူးကျော်မှုကိဟန့်တားနိုင်ရေး စစ်ရေးအကူအညီပိုမိုရရှိဖို့ အနောက်မဟာမိတ်တွေကို စည်းရုံးနေတာပါ။

“ရုရှားရဲ့အကြမ်းဖက်မှုကို ရပ်တန့်သင့်ပြီ” လို့လည်း Zelenskyy က Telegram ရေးသားခဲ့ပြီး အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေး အားကောင်းဖို့နဲ့ ယူကရိန်းတပ်ဖွဲ့တွေကို အင်အားဖြည့်တင်းနိုင်ဖို့ ဥရောပခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG