သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ဒေါ်လာသန်း ၃၄၀ အကူအညီကတိကဝတ် ရရှိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၆၊ ၂၀၂၁)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ။ (ဧပြီ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံတကာက အကူအညီတွေ ပေးကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က တနင်္လာနေ့မှာ ပန်ကြားလိုက်ပါတယ်။ လတ်တလောအားဖြင့် ၂၀၂၁ ခုနှစ်အစီအစဉ်တွေအတွက် ဒေါ်လာသန်း ၃၄၀ အကူအညီ ကတိကဝတ်ရရှိထားပြီးဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi။ (ဒီဇင်ဘာ ၁၇၊ ၂၀၁၉)
ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi။ (ဒီဇင်ဘာ ၁၇၊ ၂၀၁၉)

“ဒေါ်လာ ၉၄၃ သန်း အလှူငွေရဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံထားတာပါ။ ဒီလို အလှူတွေ ထည့်ဝင်ဖို့ လိုအပ်ပါတယ်။ ဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ လက်တွဲဘက် အဖွဲ့ ၁၄၃ ဖွဲ့က တောင်းခံထားပါတယ်။ ကြည့်လိုက်ရင်ပမာဏ များတယ်လို့ ထင်ရပေမယ့် ဒုက္ခသည်တယောက်အတွက် တရက်ကို နှစ်ဒေါ်လာပဲ သုံးတာပါ။ ဒါက မပြောပလောက်တဲ့ ပမာဏပါ။" လို့ Filippo Grandi ကပြောဆိုသွားတာပါ။

ဘယ်လိုပဲ အခက်အခဲတွေ ရှိရှိ မြန်မာနိုင်ငံအရေး အဖြေရှာနိုင်ဖို့ကို အာရုံစိုက်ရလိမ့်မယ်ဆိုပြီးတော့လည်း ပြောဆိုပါတယ်။

ရိုဟင်ဂျာတွေရဲ့ အကျပ်အတည်းဟာ ပစ်ပယ်မထားသင့်တဲ့အကြောင်းနဲ့ အရင်းအမြစ် အကန့်အသတ် ပြည့်ပြည့်၀ မသုံးနိုင်တာ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်း လက်တွေ့မကျတဲ့ စံသတ်မှတ်ချက်တွေနဲ့ ပကတိအခြေအနေအထားတွေကြောင့် ဆိုပြီး အလှူရှင်တွေဘက်က သဒ္ဒါစိတ်လျော့ သွားတာမျိုး မဖြစ်သင့်ပါဘူးဆိုပြီး ဒုက္ခသည် ကူညီရေး အစိုးရလက်အောက်ခံ မဟုတ်တဲ့အဖွဲ့တွေကလည်း ပြောဆိုပေနါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာ ၁,၀၀၀,၀၀၀ လောက် ခိုလှုံနေတာ အခုဆို ၄ နှစ်နီးပါးလောက် ရှိနေပြီဖြစ်ပါတယ်။ အခုအခါ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းခဲ့ပြီး နိုင်ငံတွင်း အခြေအနေတွေ ဆိုးလာနေတာကြောင့် နယ်စပ်ကျော်ဖြတ်ပြီး မြန်မာနိုင်ငံထဲကနေ ထွက်ပြေးကြသူတွေ များလာနေတာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေ အရေး ဂရုမစိုက်ဘဲ ဖြစ်သွားမယ့်အနေအထား ကြုံနေရတယ်လို့လည်း မစ္စတာ Grandi ကပြောပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင်လက်ခံမထားပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး ပြန်လက်ခံမှာ ဖြစ်ကြောင်း ပြောထားတာပါ။ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည် စခန်းတွေနဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံအသိုင်းဝိုင်း ၂ ခုစလုံးအတွက် လူသားချင်းစာနာမှု အထောက်အကူတွေ ပေးနိုင်အောင် အမေရိကန်ဒေါ်လာ ၉၄၃ သန်း ရန်ပုံငွေချထားပေးဖို့ UNHCR ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက အင်္ဂါနေ့မှာ တောင်းခံတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG