သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥတုရာသီဆိုင်ရာ ကုလထိပ်သီးညီလာခံ စတင်


ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာ ထိပ်သီးညီလာခံ နဖူးစည်းစာတန်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၁)
ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာ ထိပ်သီးညီလာခံ နဖူးစည်းစာတန်း။ (အောက်တိုဘာ ၂၉၊ ၂၀၂၁)

(Zawgyi / Unicode)

ကုလသမဂ္ဂရဲ့ ဥတုရာသီဆိုင်ရာ ထိပ်သီးညီလာခံကို စကော့တလန်ရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Glasgow မှာ တနင်္ဂနွေနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။ ကမ္ဘာတလွှားက ခေါင်းဆောင်တွေ စုစည်းတွေ့ဆုံကြပြီး ကမ္ဘာကြီးပူနွေးလာမှုနဲ့ တခြားစိန်ခေါ်ချက်တွေကို အမြင်ဖလှယ် ဆွေးနွေးကြဖို့ မတိုင်မီ တရက်အလိုမှာ အခုလို ဖွင့်လှစ်လိုက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၂၀၀ က ဆွေးနွေးညှိနှိုင်းကြမယ့်သူတွေဟာ ၂၀၁၅ တုန်းက ချုပ်ဆိုခဲ့တဲ့ ပါရီ ဥတုရာသီဆိုင်ရာ သဘောတူစာချုပ်ရဲ့ မပြီးပြတ်သေးတဲ့ ပြဿနာရပ်တွေကို ဖြေရှင်း ဆွေးနွေးကြမှာလည်း ဖြစ်သလို ကမ္ဘာ့အပူချိန် မြင့်တက်လာမှုအပေါ်လည်း ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာကြံကြမှာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့အပူချိန်ကို စက်မှုမထွန်းကားမီ အချိန်ကထက် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးရပ်စ် အထိ ထိန်းထားနိုင်ဖို့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုးစား ကြံဆနေကြတာပါ။

သိပ္ပံပညာရှင်တွေကတော့ လွန်ခဲ့တဲ့ ၆ နှစ်က ပြင်သစ်မှာ သဘောတူညီခဲ့တဲ့ မျှော်မှန်းချက်တွေဟာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ထွက်ရှိလာတဲ့ စွမ်းအင်ပမာဏဟာ ကမ္ဘာ့ရေခဲထုကို ပိုမို အရည်ပျော်စေပြီး ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှာမို့ လူတွေရဲ့ဘဝတွေကို ခြိမ်းခြောက်နေပြီး ပြင်းထန်တဲ့ သဘာဝဘေးတွေ တိုးပွားလာမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ညီလာခံအဖွင့်နေ့ ပြောဆိုဆွေးနွေးမှုတွေမှာတော့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ကိစ္စရပ်တွေအပေါ် အဓိကဆွေးနွေးကြမယ်လို့ မျှော်လင့်ထားပါတယ်။

ကိုယ်စားလှယ်တွေအားလုံး ကိုယ်တိုင် မတက်ရောက်နိုင်တဲ့ အပေါ်လည်း စိုးရိမ်မှုရှိနေပြီး ညီလာခံအတွင်း COVID-19 ကြောင့် စည်းဝေးခန်းမ အကန့်အသတ်တွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

----------------

(Unicode)









XS
SM
MD
LG