သုံးရလွယ်ကူစေသည့် Link များ

ကုလလူ့အခွင့်အရေးညီလာခံ မြန်မာနိုင်ငံအကြောင်းဆွေနွေး


ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee

ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ကလေးငယ်တွေရဲ့ ဘ၀လုံခြုံရေးနဲ့ သူတို့အခွင့်အရေး အကာအကွယ်ပေးဖို့ မြန်မာအစိုးရအနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က တိုက်တွန်းလိုက်ပါတယ်။။

ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် မြန်မာနိုင်ငံမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေဟာ အိမ်နီချင်းနိုင်ငံတွေမှာ ဇနီးမယား အဖြစ်ရောင်းစားခံနေရတဲ့ အခြေအနေ အတော်လေး စိုးရိမ်ဖွယ်ရာရှိနေကြောင်း မနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံ အစည်းအဝေးမှာ Yanghee Lee ကပြောကြားခဲ့ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဇွန်လ ၆-၂၃ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၃၅ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မနေ့ ကြာသာပတေးနေ့က မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မတ်လက လူ့အခွင့်အရေးကောင်စီညီလာခံရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် သက်တမ်း ၁ နှစ်တိုးခံရတဲ့ Yanghee Lee ကနေ မတ်လကနေ ဇွန်လ အထိ ဖြစ်ထွန်းခဲ့တဲ့ အခြေအနေတွေကို တင်ပြသွားပါတယ်။

အထူးသဖြင့် ပြည်တွင်းစစ် အပါအ၀င် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေကြောင့် အိမ်နီးချင်းနိုင်ငံက နယ်စပ်တွေမှာ ထွက်ပြေးခိုလှုံနေကြရတဲ့ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေရဲ့ ဘ၀လုံခြုံရေးကင်းမဲ့နေပြီး အခြေအနေဟာ အတော်လေးကို စိုးရိမ်ဖွယ်ရာ ရှိနေကြောင်း Yanghee Lee ကအခုလိုပြောပါတယ်။

“မြန်မာနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေထိုင်ကြရတဲ့ မိန်းကလေးငယ်တွေ နဲ့ အမျိုးသမီးတွေကြားမှာ အရွယ်မရောက်သေးတဲ့ မိန်းကလေးငယ်တွေဟာ ဇနီးမယားတွေ အဖြစ်ပေါင်းသင်းနေထိုင်ခြင်း ခံနေကြရတာတွေ တိုးလာနေတယ်ဆိုပြီး မကြာသေးမီက ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့ ပတ်သက်လို့လည်း ကျမ သိပ်ကိုအံ့အားသင့် တုန်လှုပ်မိပါတယ်။ ကျမတို့အားလုံးသိတဲ့အတိုင်းပါပဲ ဒီလိုအခြေအနေမျိုးဟာ အမျိုးသမီးတွေရင်ဆိုင်နေရတဲ့ အကြမ်းဖက်ခံရမှုနဲ့ ဆင်းရဲမွဲတေမှုဘ၀ ကနေ ရုန်းထွက်နိုင်ဖို့က ခက်ခဲစေတာဖြစ်ပါတယ်။”

ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ (၉)ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်း အစိုးရ လုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ ကလေးငယ်တွေပါ ဖမ်းဆီးနှိပ်စက်ခံရကြောင်းလည်း သူကပြောပါတယ်။ အထူးသဖြင့် ကလေးငယ် (၁၃) ဦး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက (၁)ဦးဟာ ကျန်းမာရေးကြောင့် သေဆုံးခဲ့တာဖြစ်တယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက အချိန် ၄ လကြာပြီးမှ ဘာကြောင့် ကြန့်ကြာခဲ့သလဲဆိုတာကို Yanghee Lee က မေးခွန်းထုတ်ခဲ့ပါတယ်။

မြန်မာအစိုးရကိုယ်စားလှယ်ကတော့ မြန်မာနိုင်ငံမှာ ကလေးငယ်တွေရဲ့ အခွင့်အရေးကို အပြည့်အ၀အကာအကွယ်ပေးထားကြောင်း အခုလိုတုန့်ပြန် ချေပခဲ့ပါတယ်။

“ကလေးသူငယ်တွေရဲ့ ရပိုင်ခွင့်ပြဌာန်းချက်တွေအတိုင်း မြန်မာနိုင်ငံမှာ ရှိတဲ့ ကလေးသူငယ်များအားလုံးကို သာတူညီမျှခံစားခွင့်ရှိပါတယ်။ ဒီနှစ်မေလကစပြီး ရခိုင်ပြည်မှာ ထောင်နဲ့ချီတဲ့ ကလေးသူငယ်တွေကို မွေးဖွားစာရင်ထုတ်ပေးခဲ့ပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ်က မွတ်စလင်ကျောင်းသူကျောင်းသား တထောင်ကျော်ကို အခြားကျောင်းသားများနဲ့အတူ (၁၀)တန်းစာမေးပွဲဖြေဆိုခွင့်ပေးခဲ့ပါတယ်။ လူမှုအသိုင်းအ၀ိုင်း နှစ်ရပ်လုံးအတွက် အခြေခံစာသင်ကျောင်းပေါင်း ၃၀၀ ကို ပြန်လည်ပြင်ဆင် ဖွင့်လှစ်ပေးခဲ့ပါတယ်။”

ဥရောပ သမဂ္ဂကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တောင်းဆိုသွားပါတယ်။

အလားတူစွာပဲ အမေရိကန်ကိုယ်စားလှယ်ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းအပါအ၀င် အခြားတိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးဖို့ မြန်မာအစိုးရကို အခုလို တိုက်တွန်းသွားပါတယ်။

“ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတွေဖြစ်တဲ့ ကချင်နဲ့ ရှမ်းတိုင်းရင်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျမတို့ အထူးစိုရိမ်ပါတယ်။ ဒေသခံတွေရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံတွေကို ပို့ဆောင်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပွင့်လင်းမြင်သာမှုရှိစွာ စုံစမ်းစစ်ဆေးဖို့ ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူဖို့နဲ့ ချိုးဖောက်ခံရသူတွေကို ကာကွယ်ပေးဖို့ တောင်းဆိုပါတယ်။”

မစ္စယန်ဟီလီရဲ့ ဆွေးနွေးချက်ထဲမှာ လက်ရှိမြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စစ်တပ်က အများဆုံးကျူးလွန်တာတွေရှိနေကြောင်း၊ ဒါကိုလည်း အစိုးရ နဲ့ စစ်တပ်က သူတို့ ကိုယ်ပိုင်စုံစမ်းရေးကော်မရှင်တွေဖွဲ့ပြီး ကိုင်တွယ်ဖြေရှင်းနေကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမယ့် သိသာထင်ရှားတဲ့ အရေးယူမှုမျိုး မတွေ့ရဘူးလို့ ပြောသွားပါတယ်။

ဒါအပြင် နောက်လ ဇူလိုင်လအတွင်း သွားမယ့် သူ့ရဲ့ လေးကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွက် ရက်သတ်မှတ်ချက်ကို မြန်မာအစိုးရအနေနဲ့ ခွင့်ပြုဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG