သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလသမဂ္ဂနဲ့ Facebook လုပ်ရပ် ဝန်ကြီးဟောင်း ဦးရဲထွဋ် ဝေဖန် မေးခွန်းထုတ်


၂၀၁၄ နိုဝင်ဘာတုန်းက ဝန်ကြီးဟောင်း ဦးရဲထွဋ် နှင့် VOA အင်တာဗျူးစဉ်
၂၀၁၄ နိုဝင်ဘာတုန်းက ဝန်ကြီးဟောင်း ဦးရဲထွဋ် နှင့် VOA အင်တာဗျူးစဉ်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကြောင့်ဆိုပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိတွေကို အရေးယူရေး ဖိအားပေး တောင်းဆိုနေမှုတွေဟာ ကုလသမဂ္ဂဘက်က ဦးစားပေးရွေးချယ်ပုံ မှားယွင်းနေတယ်လို့ မြင်တဲ့အကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က VOA ကို ပြောပါတယ်။ တပ်မတော်ခေါင်းဆောင်တွေရဲ့ Account တွေကို ပိတ်ပစ်လိုက်တာနဲ့ ပတ်သက်ပြီး Facebook ရဲ့ ရည်ရွယ်ချက်ကိုလည်း သူက မေးခွန်းထုတ်သွားပါတယ်။ ဦးရဲထွဋ်ကို ဦးသိန်းထိုက်ဦး တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီနေ့ ရန်ကုန် Kafe in Town မှာ ကျင်းပတဲ့ ISP မဟာဗျူဟာနဲ့ မူဝါဒ လေ့လာရေး အဖွဲ့က ကျင်းပတဲ့ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်ကမြန်မာ့တပ်မတော်အရာရှိကြီးတွေကို အရေးယူရေး ကုလသမဂ္ဂဘက်က တောင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး VOA ကို အခုလို ပြောဆိုသွားတာပါ။

"သူတို့ရဲ့ အရေးယူမယ်လို့ ပြောတဲ့အချက်အလက်တွေက ခုနလို မြန်မာနိုင်ငံဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိပဲနဲ့ ဘယ်လိုမှ အောင်မြင်နိုင်စရာအကြောင်းမရှိဘူး။ တပ်မတော်က ဒဏ်ခတ်ရေးမူအောက်မှာအကြာကြီးနေခဲ့ပြီးပြီ နောက်ထပ် လုပ်လည်းထူးမှာမဟုတ်ဘူး။ အဲဒီတော့ စဉ်းစားရမှာက အဓိက ပြဿနာက လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူဖို့အရင်လုပ်မလား။ ဟိုဘက်မှာရောက်နေတဲ့ လူ၇ သိန်းလောက်ကို ပြန်ပြီးတော့ နေရာချနိုင်ဖို့အတွက် ၊ နိုင်ငံတကာအဖွဲ့အစည်းနဲ့ တပ်မတော်၊ ရခိုင်တိုင်းရင်းသား ၊ ဟိုဘက်က ရိုဟင်ဂျာခေါ်ခေါ် ဘင်္ဂါလီခေါ်ခေါ် ဒုက္ခသည်ကြားထဲမှာ အဖြေတခုရအောင် အရင်ဦးစားပေးပြီးလုပ်မလား။ ဘယ်ဟာက အရေးကြီးသလဲဆိုတာကတော့ စဉ်းစားရဦးမှာပေါ့နော်။"

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော်ခေါင်းဆောင်တချို့ရဲ့ Facebook Account တွေကို ပိတ်ပင်လိုက်တာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သဘောထားကွဲလွဲချက်တွေ ပိုပြီးကြီးထွားအောင် လုပ်လိုက်သလို ဖြစ်စေလိမ့်မယ်ဆိုပြီးတော့လည်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောဆိုပါတယ်။

"Facebook community standard အရပြောမယ်ဆိုရင်တော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကောင့် ၂ ခုကတော့ အမုန်းစကားတွေ ဖြန့်တာမဟုတ်ဘူးပေါ့နော် ဒါကြောင့်မို့လို့ မငြိဘူးလို့ပြောတယ်။ သို့သော် သူတို့အနေနဲ့က ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တပ်မတော်ခေါင်းဆောင်တွေအပေါ်မှာ သိက္ခာကျအောင်လုပ်ချင်တယ်ဆိုရင်တော့ အဲဒီရည်ရွယ်ချက်က အောင်မြင်တယ်လို့ ပြောလို့ရမယ်။ ဒါကျနော်မြင်ပါတယ်။ အကျိုးဆက်က ဘာဖြစ်မလဲဆိုတော့ ၁ က ဒီ Facebook ကို ပိတ်လိုက်ယုံနဲ့ တပ်မတော်ရဲ့ သတင်းဖြန့်ချီတဲ့ စနစ်ကို အကြီးမားကြီးတော့ ထိခိုက်သွားနိုင်စရာအကြောင်းမရှိဘူး။ တဖက်မှာ ပြောင်းပြန်ဘာအကျိုးသက်ရောက်မလဲဆိုရင်တော့ တပ်မတော်မှာ ထောက်ခံတဲ့လူတွေ ပိုပြီးတော့ စုစည်းမိသွားမယ်။ တဖက်အနောက်နိုင်ငံက လူတွေအပေါ်မှာ ရန်သူလိုမြင်သွားတာမျိုးတော့ ဖြစ်လာမယ်။ အဓိကပြောချင်တာကတော့ စည်းလုံးစေချင်လို့လုပ်တယ်ဆိုရင် အဲဒီရည်ရွယ်ချက်က မအောင်မြင်ဘူးပေါ့။ မြန်မာနိုင်ငံလူ့အဖွဲ့အစည်းက ပိုပြီးတော့ ကွဲပြားခြားနားသွားမှာပေါ့။တပ်မတော်ထောက်ခံသူ၊ မထောက်ခံသူ၊ နိုင်ငံတကာအဖွဲ့အစည်း များကို ဆန့်ကျင်သူ၊ ထောက်ခံသူ ၊ ရခိုင်အရေးနဲ့ ပတ်သက်လို့ ပျော့ပျောင်းတဲ့သဘောထားရှိတဲ့သူ၊ တင်းမာတဲ့ သဘောထားရှိသူ အဲဒါတွေက ပိုပြီးတော့ ကွဲပြားခြားနားသွားမှာပေါ့။"

နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရ ဦးဇော်ဌေးကလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်တပ်အရာရှိတွေရဲ့ Facebook Account တွေကို ပိတ်ပင်ခံလိုက်ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ Facebook ရဲ့ စည်းမျဉ်းတွေအပေါ် ကို ပြန်ပြီး မေးခွန်းထုတ်ထားတဲ့အကြောင်း၊ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို မူလကတည်းက အသိအမှတ်ပြု လက်မခံတဲ့အကြောင်းနဲ့ အစီရင်ခံစာပါ ဖေါ်ပြချက်တွေကိုလည်း လက်မခံတဲ့အကြောင်း တုန့်ပြန်ထားပါတယ်။

Facebook တာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဓိကျူးလွန်သူတွေဟာ မြန်မာစစ်ဖက် အရာရှိတွေဖြစ်တယ်ဆိုတာ ကုလသမဂ္ဂဘက်က အထောက်အထားတွေ့ရှိခဲ့တဲ့အတွက် သူတို့ရဲ့ Facebook အကောင့်တွေကို ပိတ်လိုက်တာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG