သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖေ့ဘုတ်လုပ်ရပ် “ဆေးကြောင့်ပိုလေးနေသလား” စိုးရိမ်မှုရှိ


Facebook ကုမ္ပဏီ ကနေ လူမှုကွန်ယက်အကောင့်တွေပိတ်ပင်ကြောင်းကြေညာ
Facebook ကုမ္ပဏီ ကနေ လူမှုကွန်ယက်အကောင့်တွေပိတ်ပင်ကြောင်းကြေညာ

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook လူမှုကွန်ယက် ကိုယ်ပိုင်အကောင့်အပါအဝင် မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတချို့ရဲ့အကောင်း့တွေကို Facebook ကနေပိတ်ပင်လိုက်ပါတယ်။ ဒီအပေါ်မှာ မြန်မာ့နိုင်ငံရေးလေ့လာအကဲခတ်သူတွေရဲ့ အမြင်တွေကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ဒီကနေ့မှာပဲ Facebook ကုမ္ပဏီ ကနေ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ Facebook လူမှုကွန်ယက် ကိုယ်ပိုင်အကောင့်အပါအဝင် မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း ၂၀ ရဲ့ Facebook အကောင့်တွေဟာ မြန်မာနိုင်ငံက Facebook ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီတဲ့ အတွက်ကြောင့် ပိတ်ပစ်လိုက်ကြောင်း ကြေညာလိုက်ပါတယ်။ ဒီအထဲမှာတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ကိုယ်ပိုင်အကောင့်အပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးအကောင့်အပြင် စစ်တပ်ရဲ့ မြဝတီ ရုပ်သံလိုင်းလည်း ပါဝင်ခဲ့တာပါ။

အခုလိုပိတ်လိုက်ရတာကတော့ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေဟာ အမုန်းစကားတွေ၊ သတင်းမှားတွေကို Facebook ပေါ်ကနေ ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေတာတွေကနေ ဆက်စပ်လာတဲ့အတွက် အခုလိုFacebook က တိုးမြှင့် အရေးယူ ဆောင်ရွက်လိုက်တာဖြစ်တယ်လို့ ကြေညာချက်မှာပါရှိပါတယ်။ ဒီအပေါ် မြန်မာ့နိုင်ငံရေးလေ့လာအကဲခတ်သူတွေကတော့ အမြင်အမျိုးမျိုးရှိပါတယ်။

"ကျနော်မြင်တာကတော့ ရခိုင်ပြည်နယ်မှာဖြစ်သွားတဲ့အရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဖိအားပေါ့နော်။ ပုံစံမျိုးစုံနဲ့ ပိုတိုးလာတယ်ဆိုတဲ့ အနေအထားမျိုးတော့ ကျနော်မြင်မိပါတယ်။ ဒါပေမယ့်လည်း အခုလို Facebook စီမံခန့်ခွဲတဲ့အဖွဲ့က အခုလိုမျိုး တချို့ တပ်မတော်နဲ့ဆိုင်တဲ့အကောင့်တွေ ပယ်ဖျက်လိုက်တယ် ပိတ်လိုက်တယ်ဆိုတာကတော့ တဖက်သတ် ကျမလားလို့လည်း ကျနေ်ာထင်တယ်။ နောက်တခုကတော့ ဒီလိုလုပ်လိုက်တဲ့ ဆောင်ရွက်မှုကြောင့်ပေါ့နော် လိုချင်တာက အကျိုးတမျိုး " ဆေးကြောင့်ပိုလေးတယ်" ဆိုတဲ့ မြန်မာစကားလည်းရှိပါတယ်။ အဲဒီတော့ ဖြစ်သွားတဲ့ ရလဒ်က အကျိုးတမျိုး ဒါမျိုးလည်းဖြစ်နိုင်မယ်လို့ ထင်ပါတယ်။"

ဒါကတော့ ရခိုင်အရေးနိုင်ငံတကာရဲ့ဖိအားတိုးလာနေတဲ့အနေအထားပေါ် ပိုပြီး အရှိန်မြင့်လာတဲ့သဘောလို့ မြန်မာ့နိုင်ငံရေးအကဲခတ်ဦးအောင်သူငြိမ်းက မြင်ပါတယ်။

အဓိက တပ်မတော်ပိုင်း ထိပ်တန်းခေါင်းဆောင်တွေနဲ့ စစ်တပ်ဘက်က သတင်းဖြန့်ချီနေတဲ့ အဓိကသတင်းမီဒီယာ ယန္တယားတွေကို ပိတ်ပင်ဖို့ကြိုးစားဖြစ်တယ်လို့ သတင်းစာဆရာဦးစည်သူအောင်မြင့်ကလည်း အခုလိုသုံးသပ်ပါတယ်။

"အဲဒီမှာ ရေးတဲ့ Report မှာက စွပ်စွဲချက်တွေက ရှိထားတယ်။ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အဲ့တာပါသွားတယ်ပေါ့နော်။ တာဝန်ရှိတဲ့လူအနေနဲ့ ဒီလူတွေက သူ့ထုတ်ပြန်ချက်ထဲမှာ သူတို့ ရေးထားတာကတော့လူ့အခွင့်အရေးချိုးဖောက်မှု အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စတွေမှာ ပါဝင်ပတ်သက်တယ်လို့ အထောက်အထားတွေ သူတို့ရထားတယ်။ ရထားတော့ ဒီလူတွေ နောက် ဒီလူတွေနဲ့ ပတ်သက်နေတဲ့ စာမျက်နှာတွေကနေပြီးတော့ နောက်ထပ်အမုန်းတရားပြန့်ပွားတာတွေမလုပ်နိုင်အောင်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကလည်း ဒီကနေပြီးတော့ မလုပ်နိုင်အောင် သူတို့တွေက ဒါကို ကန့်သတ်လိုက်တယ်လို့ အဲလိုမျိုးဆိုတယ်။ တကယ့်တကယ်ကျတော့ ဒီတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ စာမျက်နှာထဲမှာ ဘာတွေ ဘာတွေ ဖော်ပြထားလို့ အဲဒါတွေက အမုန်းတရားဖြစ်စေတယ်၊ ဘယ်အကြောင်းအရာတွေကဖြစ်စေတယ် ဆိုတာ အဲလိုမျိုးနည်းနဲ့ နမူနာတွေအနေနဲ့လုပ်တယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ဆိုရင်တော့ ပိုပြီးသင့်တော်မယ်လို့ထင်တယ်။ အဲလိုမျိုးအထောက်အထားတွေနဲ့ဆိုရင် -အခုက အဲလိုမျိုးမဟုတ်ဘူး ၊ လူကိုအခြေခံသွားတာသူက ။ စာမျက်နှာတခုကို ပိတ်ချင်တယ်ဆိုရင် ဒီစာမျက်နှာထဲမှာ ဘာပါသလဲဆိုတာပြောရင် ပိုပြီးသင့်တော်မယ်လို့ ကျနော်ကတော့ အဲလိုမျိုးမြင်ပါတယ်။"

မြန်မာ့နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းကလည်း အခုလိုရှု့မြင်ပါတယ်။

"ဒါကို liberal agenda ဆိုတာရှိပါတယ် သူတို့ အခုလုပ်နေတာပေါ့နော် ။ liberal agenda က ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံကို Pressure ပေးတာပေါ့နော်၊ သူတို့ Pressure ပေးရင် ဘယ်သူ့ကိုပေးမလဲ စစ်တပ်ကိုပဲ ပေးတာပေါေ့နာ်။ ဆိုတော့ သူတို့ သုံးတဲ့ Pressure ပွိုင့်က စစ်တပ်ပဲကို။ အရင်တုန်းကတော့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ကိုသုံးတယ်။ နောက်တဆင့်မြင့်ပြီးတော့ စစ်တပ် စစ်ခေါင်းဆောင်တခုလုံးကို စွဲချက်တင်လာတာပေါ့ဗျာ ။ ရှင်းရှင်းပြောရရင် ကျနေ်ာ့အမြင်က လုပ်စားအကြီးစားပါပဲ သူတို့ liberal agenda အတိုင်းသွားနေတာပါ။"

Facebook ကုမ္ပဏီရဲ့ကြေညာချက်ထဲမှာတော့ မြန်မာနိုင်ငံက လူပေါင်း ၁၂ သန်းလောက်က Follow လုပ်ထားတဲ့ Facebook အကောင့် ၁၈ ခု၊ Instagram အကောင့် ၁ ခုနဲ့ Facebook Page ၅၂ ခုတို့ကို ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါတယ်။ ဒါ့အပြင် Facebook ပေါ်မှာ မမှန်မကန် ဆောင်ရွက်နေကြတယ်ဆိုပြီး Page ၄၆ ခုနဲ့ အကောင့် ၁၂ ခုတို့ကိုလည်း ဖယ်ရှားလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်း Facebook ကို တလွဲသုံးနေတာတွေကို ဆက်ပြီး နည်းပညာအရှိန်မြင့်ကာကွယ်ဆောင်ရွက်သွားမယ်လို့လည်း Facebook ကုမ္ပဏီက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG