သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းလာသူတွေအပေါ် မကြည်လင်တဲ့အမြင်မထားဖို့ ကုလပြော


ကိုယ့်နိုင်ငံထဲ ပြောင်းရွှေ့လာသူတွေအပေါ် မကြည်လင်တဲ့အမြင်တွေ မထားကြဖို့၊ ဒီဇင်ဘာလ ၁၈ ရက် အင်္ဂါနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့မှာ ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာအဖွဲ့ အကြီးအကဲက၊ ကမ္ဘာ့နိုင်ငံ အားလုံးကို တိုက်တွန်း လိုက်ပါတယ်။ ပြောင်းရွှေ့အခြေချလာ သူတွေအပေါ် ဂုဏ်သိက္ခာရှိရှိနဲ့ လေးလေးစားစား ဆက်ဆံပြီး သူတို့အသိုင်းအဝိုင်း အကျိုးရှိအောင် လုပ်ပေးကြဖို့ လည်း တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ ဂျနီဗာရုံးချုပ်က Lisa Schlein ပေးပို့တဲ့ သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဒီဇင်ဘာလ ၁၈ ရက်နေ့ကို နိုင်ငံတကာ ရွှေ့ပြောင်း အခြေချသူများနေ့အဖြစ် ကုလသမဂ္ဂက သက္ကရာဇ် ၂၀၀၀ မှာ ကြေညာခဲ့စဉ်က ကမ္ဘာတဝှမ်း ပြောင်းရွှေ့အခြေချသူ စုစုပေါင်း သန်း ၁၅၀ ရှိခဲ့တာပါ။ ဒါပေမယ့် နှစ်ပေါင်း ၁၈ နှစ်ကြာလာတဲ့ အခုအချိန်မှာတော့ ရွှေ့ပြောင်းအခြေချသူ အရေတွက်က သိပ်ကိုတိုးလာပြီး သန်းပေါင်း ၂၅၈ သန်းဖြစ်လာနေပါပြီ။

ကိုယ့်နိုင်ငံကနေ တခြားနိုင်ငံကို စီးပွါးရေးအခြေနေအရ ပြောင်းရွှေ့ကြသူက များပါတယ်။ ဒီလိုပြောင်းရတဲ့ အကြောင်းရင်းတွေထဲမှာ တချို့က ဆင်းရဲတွင်း သိပ်နက်နေလို့ ဖြစ်သလို တချို့လည်း အကြမ်းဖက်မှုတွေကြောင့် ရှောင်ပြေးရတာဖြစ်ပြီး တချို့ကတော့ စွန့်စွန့်စားစားနဲ့ စွန့်ဦးတီထွင် ချင်တဲ့ ဆန္ဒတွေကြောင့် ဖြစ်ပါတယ်။

ကုလသမဂ္ဂ စာရင်းဇယားတွေ အရတော့ ပြည်တွင်းစစ်တွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူကလည်း နောက်ထပ် သန်း ၄၀ လောက် ရှိနေတယ်လို့ ပြောပါတယ်။

IOM ခေါ် နိုင်ငံတကကာ ရွှေ့ပြောင်းအခြေချသူများဆိုင်ရာ ကုလ အဖွဲ့အစည်း ညွှန်ကြားရေးမှုးချုပ် Antonio Vitorino ကတော့ ရွှေ့ပြောင်းနေထိုင်ရသူ အများစုဟာ သူတို့ နေအိမ်တွေကို စွန့်ခွါထွက်လာချင်သူ မဟုတ်ကြပေမယ့် အခြေနေက သူတို့ ထိန်းချုပ်လို့ မရတဲ့ အနေထားမို့ စွန့်ခွါဖို့ ဖြစ်လာစေတယ်လို့ ပြောပါတယ်။

ဥပမာအားဖြင့် ဒေသတခုမှာဖြစ်ပွါးတဲ့ ရာသီဥတုနဲ့ ဆက်နွယ်နေတဲ့ ကပ်ဘေးဆိုက်ရောက်တာနဲ့ သဘာဝဘေးအန္တရာယ် ကျရောက် တာတွေ ကနေ တနှစ်တနှစ် လူဦးရေ သန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွါ ရွှေ့ပြောင်းဖို့ ဖြစ်လာစေတယ်လို့ ပြောပါတယ်။

ကမ္ဘာတဝှမ်း အခုလို ရွှေ့ပြောင်းအခြေချသူ အများအပြားအတွက် ကြီးမားတဲ့ အန္တရာယ်တွေနဲ့ ကြုံတွေ့နေရတယ်လို့ IOM အကြီးအကဲ Votorino ရဲ့ ပြောကြားချက်ကို နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့ ဂျနီဗာ သတင်းစာရှင်းလင်းပွဲမှာ IOM အဖွဲ့ပြောခွင့်ရ Joel Millman ကပြောပါတယ်။

“IOM မှတ်တမ်းတွေအရ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း ပြောင်းရွှေ့အခြေချဖို့ ကြိုးပမ်းရင်း အသက်စွန့်သွားရတဲ့ ဒုက္ခသည်နဲ့ ရွှေ့ပြောင်းအခြေချသူ စုစုပေါင်းက ၃၄၀၀ နီးပါး ရှိနေပါပြီ။ အများစုက ဥရောပကို သွားရောက်ဖို့ ကြိုးစားရင်း ပင်လယ်ပြင်မှာ သေဆုံးကြရသလို၊ သဲကန္တာရကို ကျော်ဖြတ်ရင်း သေဆုံးရသူတွေ၊ တရားဝင် နယ်စပ်ဂိတ်နဲ့ ဝေးရာရှောင်ရင်း အန္တရာယ်ကြီးတဲ့ တောနက်ထဲ ဖြတ်ရင်း သေဆုံးရသူကလည်း အများအပြား ရှိပါတယ်။ ဒီလိုသေဆုံးရသူ အရေအတွက်ကို IOM ဝန်ထမ်းတွေက နေ့စဉ်လိုလို ထပ်ပြီး တိုးနေရတာကလည်း ရှက်ဖို့ ကောင်းလှပါတယ်။”

၂၀၁၈ ခုနှစ် နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့ ကို အင်္ဂါနေ့မှာ ကျင်းပခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းအခြေချသူများအရေး အတွက် အသိမှတ်ပြုသဘောတူညီချက်ကို အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ တရားဝင် အတည်ပြုမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ကို မော်ရိုကိုနိုင်ငံ Marrakech မှာ ကမ္ဘာ့နိုင်ငံအများစုက ဒီလအစောပိုင်းမှာပဲ တခဲနက် အတည်ပြုပေးခဲ့ကြတာပါ။ အဓိက ပါဝင်တဲ့ နိုင်ငံတွေထဲမှာ Australia အမေရိကန်၊ ဟန်ဂေရီ၊ အီတလီ၊ Austria နဲ့ ပိုလန် နိုင်ငံတွေ ပါပါတယ်။

အခုလို သဘောတူညီမှု ရခဲ့တာဟာ ရွှေ့ပြောင်း ဒုက္ခသည်တွေအပေါ် တင်နေတဲ့ သိက္ခာကြွေးတွေပြန်ဆပ်ဖို့ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့လည်း IOM အကြီးအကဲ Vitorino ကပြောပါတယ်။ ဒါ့အပြင် ရွှေ့ပြောင်း ဒုက္ခသည်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကူညီမှုတွေ ပေးနိုင်ပြီး ပို မျှတမှုတွေ ရှိလာစေမယ့် အနေထားတခုကို ဖန်တီးလာနိုင်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

အခုရရှိခဲ့တဲ့ သဘောတူညီမှုကနေ ကမ္ဘာ့နိုင်ငံအားလုံးမှာ ရွှေ့ပြောင်းဒုက္ခသည်အရေးအတွက် စီစဉ်ခန့်ခွဲမှုကောင်းတွေ ရှိဖို့လိုအပ်နေကြောင်း လေးလေးနက်နက် ပြောထားသလို ရွှေ့ပြောင်းဒုက္ခသည်အရေးနဲ့ ပတ်သက်ပြီး အဆင့်မျိုးစုံမှာ ပူးပေါင်းဆောင်ရွက်မှုရှိရေးဟာ အခြေခံ အချက်ဖြစ်ကြောင်းလည်း IOM အကြီးအကဲ Vitorino က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG