သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းစာဆရာ Khashoggi ကိုသတ်တာ နိုင်ငံတကာ ရာဇဝတ်မှုအဖြစ် ကုလသတ်မှတ်


၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းက ဆော်ဒီ သတင်းထောက် Jamal Khashoggi လုပ်ကြံံသတ်ဖြတ်ခံရမှုမှာ တာဝန်ရှိတဲ့ ဆော်ဒီ အရာရှိတွေကို အပြစ်ပေး အရေးယူဖို့ နိုင်ငံတကာက အစိုးရတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး တဦးဖြစ်သူ Agnes Callamard က တောင်းဆို လိုက်ပါတယ်။ Khashoggi သတ်ဖြတ်ခံရတဲ့ ကိစ္စကို ၆ လကြာ စုံစမ်း စစ်ဆေးခဲ့တဲ့ကုလသမဂ္ဂ အရာရှိ Agnes Callamard ရဲ့ တွေ့ရှိချက်တွေကို VOA သတင်းထောက် Lisa Schlein က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဆော်ဒီ သတင်းထောက် Jamal Khashoggi လုပ်ကြံခံရမှုမှာ ဆော်ဒီအာရေဗျနိုင်ငံ တာဝန်ရှိကြောင်း စုံစမ်းစစ်ဆေးမှုတွေအရ အထောက်အထားတွေ ရရှိထားတယ်လို့ကုလသမဂ္ဂ ဥပဒေပြင်ပနဲ့ တဖက်သတ် တရားစီရင်ခြင်း ဆိုင်ရာ ကိစ္စ အထူး အစီရင်ခံစာ တင်သွင်းသူ Agnes Callamard က ပြောပါတယ်။ Khashoggi ကို လုပ်ကြံ သတ်ဖြတ်ဖို့ကို သေသေချာချာ ကြိုတင် ပြင်ဆင် စီမံကိန်းချပြီးမှ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။

" အခု စုံစမ်းစစ်ဆေးမှုက လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ စုံစမ်းစစ်ဆေးမှုပါ။ ရာဇဝတ်မှုနဲ့ဆိုင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တွေ့ရှိချက်တွေအရ ဆော်ဒီ အိမ်ရှေ့မင်းသားနဲ့ သူ့ရဲ့ အကြံပေး Saudi al-Aahtani တို့မှာ တာဝန်ရှိတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ရှိလာလို့ နောက်ထပ် စုံစမ်းဖို့ ဖြစ်လာတာပါ။ "

အမေရိကန်နိုင်ငံမှာ သူ့ဘာသာသူ ခိုလှုံနေထိုင်နေတဲ့ သတင်းထောက် တယောက်ကို တူရကီနိုင်ငံ၊ ဆော်ဒီ ကောင်စစ်ဝန်ချုပ်ရုံးမှာ လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် Khashoggi သတ်ဖြတ်မှုဟာ ပြည်တွင်းရေး သက်သက်ကိစ္စ မဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်မှုနဲ့ အကျုံးဝင်နေတယ်လို့ Callamard က ပြောပါတယ်။ ကမ္ဘာ့နိုင်ငံတွေ အနေနဲ့နိုင်ငံတကာ ဥပဒေအရ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး စနစ်က ပေးအပ်ထားတဲ့ ရပိုင်ခွင့်တွေကို ကျင့်သုံးပြီး Khashoggi လုပ်ကြံသတ်ဖြတ်ရာမှာ ပါဝင်တဲ့ သံသယ ရှိသူတွေကို သူတို့ရဲ့ နယ်မြေပေါ်မှာ တရားစွဲဆို ဖို့လည်း Callamard က တောင်းဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုခင်းဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ တဖွဲ့ ဖွဲ့စည်းမယ်ဆိုရင်တော့ ကျန်ရှိနေသေးတဲ့ မေးခွန်းတွေအတွက် အဖြေ ပေးရာရောက်မှာဖြစ်ကြောင်းနဲ့ Khashoggi ကို သတ်ဖြတ်တဲ့လူတွေဟာ သူတို့လုပ်ရပ်အတွက် တာဝန်ယူရမှာဖြစ်ကြောင်း သူက ပြောပါတယ်။

"နိုင်ငံတွေနဲ့ နိုင်ငံ မဟုတ်တဲ့အဖွဲ့အစည်းတွေ သူတို့ကို ဝေဖန်တဲ့သူတွေကို အသံတိတ်သွားအောင် လုပ်ဖို့အတွက် ရန်လိုတဲ့နည်းတွေ သုံးနေတဲ့ အရိပ် လက္ခဏာတွေ ပိုများလာတာကို တွေ့ရပါတယ်။ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဒီလို ရန်လိုနေတဲ့ ပတ်ဝန်းကျင် ကို ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ Khashoggi သတ်ဖြတ်မှုကိစ္စ ကျမရဲ့ စုံစမ်းစစ်ဆေးမှုက ရှာဖွေ တွေ့ရှိချက်တွေကိုလည်း သုံးသပ် စစ်ဆေး ရပါမယ်။

ဆော်ဒီအာရေဗျ တာဝန်ရှိသူတွေကတော့ Callamard ရဲ့ အစီရင်ခံစာဟာ မုသားတွေ၊ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်က ကုလသမဂ္ဂရဲ့ ဒီ အစီရင်ခံစာ ထုတ်ပြန်အပြီးမှာတော့ ဆော်ဒီ နိုင်ငံခြားရေးဝန်ကြီး Ahmed Al-Jubier က Khassoggi သေဆုံးမှုဟာ မနှစ်မြို့ဖွယ်ရာကိစ္စတစ်ခုဖြစ်သလို့ ခွင့်မလွှတ်နိုင်စရာ ကြီးလေးတဲ့ ရာဇဝတ်မှုကြီးတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပြီး ဆော်ဒီ ဘုရင့်နိုင်ငံအနေနဲ့ ပြစ်မှု ကျူးလွန်သူတွေကို တရားစီရင်ဖို့ လိုအပ်တာတွေ လုပ်ဆောင်နေတယ်လို့ ပြောကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG