သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတ်ခံရတဲ့ သတင်းထောက်အရေးကြောင့် ဆော်ဒီကို ကန် ကျောခိုင်းမည် မဟုတ်


အမေရိကန် အခြေစိုက် ဆော်ဒီသတင်းစာဆရာ အသတ်ခံခဲ့ရတဲ့လုပ်ရပ်ကြောင့် ဆော်ဒီနိုင်ငံကို ကျောခိုင်းခဲ့မယ်ဆိုရင်၊ ဆိုးရွားတဲ့အမှားတခု ဖြစ်လိမ့်မယ်လို့ သမ္မတ Donald Trump က သတိပေးလိုက်ပါတယ်။

အမျိုးသား လုံခြုံရေးနဲ့ အကျိုးစီးပွားတွေက လူ့အခွင့်အရေးအပေါ် စိုးရိမ်မှုတွေထက် ပိုမိုကြီးမားကြောင်းလည်း ကျေးဇူးတော်နေ့ အားလပ်ရက်အတွက် မထွက်ခွာခင်မှာပဲ သမ္မတက အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောလိုက်တာပါ။ ဆော်ဒီနဲ့အတူ ဆက်လက် ရပ်တည်သွားမှာ ဖြစ်ကြောင်းလည်း သမ္မတ Trump ကကြေညာခဲ့ပါတယ်။

ဆော်ဒီနိုင်ငံရဲ့ အီရန်အပေါ် ဆန့်ကျင်တဲ့ ရပ်တည်ချက်နဲ့ အမေရိကန် စစ်ပစ္စည်းတွေကို ၀ယ်ယူမှုတွေကြောင့် အမေရိကန်မှာ အလုပ်အကိုင် ထောင်သောင်းချီ ရရှိနေပြီး၊ ဒေါ်လာသန်းပေါင်း ထောင်နဲ့ချီ ရင်းနှီးမြှုပ်နှံမှုတွေ ရရှိနေကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရုရှားနဲ့ တရုတ်နိုင်ငံတွေ အနေနဲ့ အလားတူ အခွင့်အရေးမျိုး မရနိုင်ကြောင်းနဲ့ ဆော်ဒီနိုင်ငံနဲ့ ဆက်ဆံရေး ပျက်ပြားခဲ့ရင် ရေနံဈေးတွေ တက်လာနိုင်ကြောင်းလည်း သမ္မတ Trump က သတိပေးပြောဆိုခဲ့ပါတယ်။ ဆော်ဒီနဲ့ အဆက်အဆံဖြတ်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ အမေရိကန်ရဲ့ စီးပွားရေးကို ထိခိုက်စေမယ့် အဓိပ္ပါယ်မဲ့တဲ့ လုပ်ရပ်မျိုးကို လုပ်မှာမဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

တူရကီနိုင်ငံက ဆော်ဒီကောင်စစ်ဝန်ရုံးမှာ ပြည်ပရောက် သတင်းစာဆရာ Jamal Khashoggi အသတ်ခံခဲ့ရမှုကို ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman သိကောင်း သိထားတာ၊ ဒါမှမဟုတ် အမိန့်ပေးခိုင်းစေကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီက စုံစမ်းလေ့လာ သုံးသပ်ထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ သိချင်လည်း သိနိုင်သလို သိချင်မှလည်း သိမှာဖြစ်ပြီး အတိအကျ မပြောနိုင်ကြောင်း သမ္မတ Trump က တုံ့ပြန်ခဲ့ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့က ဆော်ဒီသတင်းစာဆရာ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဆော်ဒီနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် အရေးမယူဖို့ ဆုံးဖြတ်ခဲ့တာဟာ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေး အကျိုးစီးပွားနဲ့ မဆိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ အစောပိုင်းမှာတုန်းကတော့ သမ္မတက နိုင်ငံရေးအရ ဒါမှမဟုတ် တခြားအကြောင်းတွေနဲ့ ကွန်ဂရက်လွှတ်တော်က ကိုယ်စားလှယ်တချို့က ဆော်ဒီအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ ကြိုးပမ်းနေတဲ့အပေါ် နားလည်ကြောင်းနဲ့ လုပ်ချင်တယ်ဆို လုပ်နိုင်ကြောင်း လည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG