သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာဆိုင်ရာဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မှုတချို့


ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway
ဘူးသီးတောင်မြို့နယ် စိုင်းဒင်ဈေးရွာရောက် စစ်ရှောင်များ ဓါတ်ပုံ -MP Oung Thaung Shway

မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ အလွန် စိုးရိမ်စရာ ကောင်းတဲ့အခြေအနေမှာ ဆက်ရှိနေဆဲဖြစ် တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ဆုံးဖြတ်ချက်အပေါ် ပြည်ပအခြေစိုက် တိုင်းရင်းသား ခေါင်းဆောင်တချို့က ကြိုဆိုလိုက်ပြီး နိုင်ငံတကာရဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ တိုက်တွန်းနေပေမယ့် အချက်အလက်ဟောင်းတွေပေါ် အခြေခံထားတဲ့ ဒီဆုံးဖြတ်ချက်ဟာ ထိရောက်မှု ရှိနိုင်မှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ရှေ့နေတဦးက သုံးသပ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားတာပါ။

ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသ အထူးသဖြင့် ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှု အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ကျူးလွန်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ အများစုနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မတ်လ ၂၂ ရက်က ဆုံးဖြတ်ခဲ့တာပါ။ ဆုံးဖြတ်ချက်ထဲမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ရဲ့ လုပ်ရပ်တွေကို ချက်ခြင်း ရပ်ဆိုင်းဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

လူ့အခွင့်အရေး ကောင်စီရဲ့ အခုလို ဆုံးဖြတ်ချက်ဟာ လက်တွေ့အခြေအနေကို ထင်ဟပ်ပေါ်လွင်စေပြီး၊ ကျူးလွန်တဲ့ မြန်မာစစ်တပ် တာဝန်ရှိ သူတွေကို နိုင်ငံတကာက အရေးယူဖို့ တိုက်တွန်းသူက ဝါရှင်တန်ဒီစီအခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ ဦးဂွန်ဆမ်ဖြစ်ပါတယ်။

"ဒီဟာက ကျနော်တို့ မှန်ကန်တဲ့ ဆုံးဖြတ်မှုလို့ ကျနော်တို့ လက်ခံပါတယ်။ နောက် အမျိုးသမီးတွေကို ဒီလို လိင်ပိုင်း အဓမ္မပြုကျင့်မှုက တကယ့်ကို ရှိခဲ့တယ်။ လက်နက်သဖွယ် သုံးနေတာကတော့ မြန်မာ့စစ်တပ် ရှိနေသ၍ကတော့ ရှိနေအုံးမှာပဲလို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ ဒီဆရာမ ၂ ဦး ဟိုးအရင်တုန်းက သတ်ဖြတ်မှုဖြစ်ခဲ့တယ်။ ဒီလိင်ပိုင်း အကြမ်းဖက်မှု ဖြစ်ခဲ့တယ်။ ဒီနောက်ပိုင်းမှာရော ရှိသေးပါတယ်။ နိုင်ငံတကာကိုကတော့ ဒီဟာကို ထိထိရောက်ရောက် အရေးယူမှု လိုအပ်တယ်။ နောက် ဒီဟာတွေကို ကွပ်ကဲနေတဲ့ တပ်မတော် အရာရှိတွေကိုရော ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ နောက်တခုကတော့ ဦးဆောင်နေတဲ့ စစ်တပ်အကြီးပိုင်းတွေကိုရော အရေးယူမဲ့ဟာတွေ ဥပမာဗျာ စီးပွားရေး ပိတ်ဆို့မှုတို့ လုပ်လို့ရပါတယ်။ နောက် သူတို့ arms embargo ဆိုတဲ့ လက်နက်ရောင်းတဲ့ ကိစ္စတွေ ပိတ်ဆို့မှုတွေ ကျနော်တို့ လုပ်လို့ရပါတယ်။"

ရှမ်းပြည်နယ်မှာ မြန်မာစစ်တပ် အပါအဝင် အခြား လက်နက်ကိုင်အဖွဲ့တွေက လူ့အခွင့်အရေးချိုးဖောက်မှု ဆက်လုပ်နေကြောင်း ဒါကိုကိုင်တွယ် ဖြေရှင်းဖို့လိုတယ်လို့ SNLD ကျားခေါင်းပါတီရဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရအမတ်၊ လက်ရှိ အမေရိကန် အာရီဇိုးနားပြည်နယ်မှာ နေထိုင်တဲ့ စိုင်းဝင်းဖေက ပြောပါတယ်။

"သူတို့က ပိုပြီး အလေးကျဲတာကတော့ အနောက်ဘက် ရခိုင်ဒေသကို အလေးကျဲတယ်။ အထူးသဖြင့်တော့ သူတို့ပြောပြောနေတဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး ပိုအလေးကျဲတယ်လို့ ထင်ပါတယ်။ သို့သော်လည်းပဲ တကယ်တန်းကျတော့ ရခိုင်လူထုများ ခံစားနေရသလိုပဲပေါ့နော်... ရှမ်းပြည်က လူထုတွေ ခံစားနေရတဲ့ဟာကလည်း အတိုင်းအတာ သိပ်မလျော့ပါဘူး။ တကယ်တန်းပြောမယ်ဆိုလို့ရှိရင် ဆက်ရှိနေဆဲပဲ။ ဆက်ရှိနေဆဲပဲဆိုတဲ့ နေရာမှာ ခါတိုင်းဖြစ်နေကျ တပ်မတော်က ကျူးလွန်တဲ့ ကိစ္စလေးတင်မကဘဲနဲ့ တခြားလက်နက်ကိုင် အဖွဲ့အစည်းတွေက ကျူးလွန်တဲ့ ကိစ္စတွေလည်း ဆက်ရှိနေဆဲပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ရှမ်းပြည်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုက ဆက်စိုးရိမ်စရာတွေ ရှိတယ်လို့ပဲ ပြောရမှာပါပဲ ခင်ဗျာ။ အဲ့တော့ မူးယစ်ဆေးဝါးနဲ့ လက်နက် စီးဆင်းမှုကို ထိန်းချုပ်နိုင်ဖို့ လိုသလို တွေ့ဆုံဆွေးနွေးရေးနဲ့ အဖြေရှာဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ် ခင်ဗျာ။"

ဒါပေမဲ့ ကုလ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် အခုလိုဆုံးဖြတ်ချက်ဟာ လက်တွေ့မှာ ထိရောက်မှုရှိလာမှာ မဟုတ်ဘူးလို့ သုံးသပ်သူက ဟောင်ကောင်အခြေစိုက် AHRC အဖွဲ့ရဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးပဲဖြစ်ပါတယ်။

"အဲ့တော့ ဒီအခု လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု ချိုးဖောက်မှုတွေက ခုမှဖြစ်တာမဟုတ်ဘူး။ ဟိုးအရင်ထဲက ဖြစ်နေတာ။ အခုနောက်ပိုင်း ဖြစ်တာတောင်မှ တော်တော်နည်းနေပြီလို့ ကျနော်တို့ သိရတယ်။ နောက်တချက်က ဒီစစ်မဲ့ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ လူူ့အခွင့်အရေးချိုးဖောက်မှုတွေက အာဏာပိုင် စစ်တပ်ဘက်ကရော တဘက် လက်နက်ကိုင် အဖွဲ့အစည်းဘက်ကရော ၂ ဘက်စလုံး ကျူးလွန်နေကျတာ ဖြစ်တယ်။ ဒေသခံ ပြည်သူလူထုက ခါးစည်းခံရမယ်။ ဒါဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝပဲ။ တိုင်းရင်းသားဒေသတွေမှာ အရင်တုန်းက ဒီထက်ပိုပြီးတော့ ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာတွေရှိတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံကို ဝင်ခွင့်မရဘဲနဲ့ ယခင်က ရရှိထားတဲ့ အချက်အလက်အဟောင်းတွေပေါ်မှာ မူတည်ပြီးတော့ အခုလိုမျိုး ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရက လက်ခံမှာ မဟုတ်ဘူး။ ဒါကို ဆုံးဖြတ်ချက်ချတယ်ဆိုလို့ရှိရင်လည်း ဒီဆုံးဖြတ်ချက်အပေါ်မှာ ထိရောက်အား ရှိနိုင်လိမ့်မယ်လို့လည်း ကျနော်တို့က မယူဆပါဘူး ခင်ဗျာ။"

ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ပြောဆိုခဲ့သလို ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေး တိုးတက်မှု မရှိသေးတဲ့အချက်ကိုလည်း အလေးထား ပြောသွားပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို အသိအမှတ် ပြုမထားတဲ့ မြန်မာအစိုးရကတော့ ကုလသမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်ဟာ လိုသလိုကောက်ချက်ဆွဲပြီး နိုင်ငံရေး ရည်ရွယ်ချက်တွေပါတဲ့ ဆုံးဖြတ်ချက် ဖြစ်တာမို့ မြန်မာနိုင်ငံအတွက် အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ ဂျနီဗာမြန်မာသံအမတ်ကြီးက တုံ့ပြန်ပါတယ်။

လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မှာတော့ မြန်မာ့တပ်မတော်နဲ့ ရခိုင်တပ်ဖွဲ့ (AA) တို့ကြား တိုက်ပွဲကြောင့် အရပ်သား သေဆုံးမှု အိုးအိမ် စွန့်ခွာ ထွက်ပြေးနေရတာကိုလည်း ထောက်ပြပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ကို ဆက်လက် သက်တမ်းတိုးဖို့ကိုလည်း ဆုံးဖြတ်ခဲ့သလို၊ မြန်မာနိုင်ငံထဲ ဝင်ခွင့် ပိတ်ထားတဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG