ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုဖို့ လက်မှတ်ရေးထိုးတဲ့ နားလည်မှုစာချွန်လွှာ MoU မှာ ဘယ်လိုအချက်တွေ ပါဝင်သလဲဆိုတာ မသိရတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အားမလိုအားမရဖြစ်ရပြီး သူတို့တွက် ထည့်သွင်းစဉ်းစားချက်တွေမပါရင် လက်ခံနိုင်ဖို့ မရှိနိုင်ကြောင်း ရခိုင်ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
မြန်မာအစိုးရနဲ့ ကုလသမဂ္ဂအေဂျင်စီတွေဖြစ်တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီးအစဉ် UNDP နဲ့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးUNHCR တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင်သွားသူ တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို အထောက်ကူ ပြုစေမယ့် နားလည်မှုစာချွန်လွှာ MoUကို ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့သလို နိုင်ငံတကာကလည်း ကြိုဆိုခဲ့ပါတယ်။
ဒီလို လက်မှတ်ရေးထိုးတာနဲ့ပတ်သက်ပြီး အစိုးရက သတင်းထုတ်ပြန်တာရှိပေမဲ့ နားလည်မှုစာချွန်လွှာ MoUမှာ ပါဝင်တဲ့အချက်တွေကို သေချာမသိရတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ ခံစားရတာကို စစ်တွေမြို့နယ်က ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်မြကျော်က အခုလို ပြောပါတယ်။
“ ဒီရခိုင်ဘက်ကတော့ လက်မှတ်ထိုးတယ်ဆိုတာပဲ သိရတယ်။ သူတို့ MoU ထိုးတဲ့နေရာမှာ ဘယ်လို အချက်တွေ ပါဝင်တယ်ဆိုတာကို ရခိုင်ပြည်သူလူထုကိုရော မြန်မာနိုင်ငံမှာ ရှိတဲ့ ပြည်သူလူထုကိုလည်း ဘာမှ ချပြတာကတော့ ကျနော်တို့ ရခိုင်ပြည်သူလူထုကတော့ လုံး၀ အားမလို အားမရဖြစ်တာပေါ့။”
ရခိုင်ပြည်သူတွေရဲ့ စိုးရိမ်မှုကိုလည်း အခုလို ဆက်ပြောပါတယ်။
“ အများကြီး စိုးရိမ်ပါတယ်။ အဲဒီMoU ထိုးတဲ့အချက်တွေမှာ ရခိုင်တိုင်းရင်းသားတွေအတွက် ဘာမှ မပါဘဲ၊ ဟိုဘက်က ဝင်လာမယ့် သူတွေအတွက်၊ အဲဒီပဋိက္ခဖြစ်တဲ့အပိုင်းမှာ နှစ်ဘက်လုံးနစ်နာကြတာ။ ပြောမယ်ဆို ကျနော်တို့ ရခိုင်တိုင်းရင်းသားပေါင်းစုံက ဒီဘက် ဟိန္ဒူတွေ အစုလိုက်အပြုံလိုက် အသတ်အဖြတ်ခံရတဲ့ အပိုင်းတွေ ရှိတယ်။ အဲဒါတွေအတွက်ရော ဘယ်လိုမျိုးရှိလဲ။ အဲဒီတစ်ဘက်ထဲ တစ်ဘက်က ဝင်လာမယ့် သူတွေအတွက် တစ်ဖက်သတ် ရေးဆွဲတဲ့အပိုင်းဆိုရင်တော့ ကျနော်တို့ဘက် လက်ခံနိုင်တဲ့ အပိုင်း မရှိဘူး။ ”
ရခိုင်ပြည်နယ်အရေးဆုံးဖြတ်ရာမှာ ရခိုင်ပြည်သူတွေရဲ့ သဘောထားတွေ ပါဝင်စေလိုကြောင်းလည်း ဦးအောင်မြကျော်က အခုလို ပြောပါတယ်။
“ ပြည်ထောင်စုအစိုးရအဖွဲ့လို့ ပြောရမှာပေါ့။ သူတို့အနေနဲ့ ပြည်သူတွေကို လိုလိုလားလားပါဝင်ခွင့် ရှိမယ့်၊ ပြောမယ်ဆိုရင် တကယ့် အဖွဲ့အစည်းတွေကို ဖွဲ့ပြီးရင် လုပ်ဆောင်သင့်တယ်လို့တော့ ကျနော့အနေနဲ့ ပြောလိုပါတယ်။ ”
ရခိုင်သားကြီးစာပေက ဦးလှမြင့်ကလည်း ရခိုင်ပြည်နယ်အရေးဆုံးဖြတ်ချက်တွေမှာ ရခိုင်တွေပါဝင်ခွင့်ရစေဖို့ လိုလားကြောင်း ပြောပါတယ်။
ဆက်လက်ပြီး ဦးလှမြင့်က လက်ရှိ အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးတဲ့ အပေါ် အခုလို သုံးသပ်ပါတယ်။
“ အလုပ်မဖြစ်နိုင်ဘူးလို့ ထင်တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အရင်လက်မှတ်ထိုးထားတာတွေလည်း အရင်လုပ်တဲ့ အလုပ်တွေလည်း တခုမှ အလုပ်မဖြစ်တာ။ လက်ရှိ အစိုးရကတော့ ဘယ်နည်းနဲ့ အလုပ်ဖြစ်မလဲဆိုတာ ကြိုးစားပုံပေါ်ပါတယ်။ ဒါပေမဲ့ ဒီကိစ္စဟာ ကျနော်တို့ မြန်မာပြည်ထဲကို ဒုက္ခသည်တွေ အေးအေးချမ်းချမ်းဝင်လာဖို့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်တယ်ဆိုပေမဲ့ ဟိုဘက်က ဟာက နိုင်ငံရေးအရ လုပ်ဆောင်နေတဲ့ ကိစ္စတွေ ရှိတယ်ဆိုတာ သိရဲ့သားနဲ့လေ။ ရည်ရွယ်ချက်ချင်း မတူဘူးလေ။ ဘယ်လိုပြောမလဲ သိပ်မဖြစ်နိုင်ဘူးလေနော။”
တဘက်နိုင်ငံကို တိမ်းရှောင်သွားသူတွေ ပြန်လည်လက်ခံရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသလို ဒီနှစ်ဇန်နဝါရီလ အတွင်းက စတင်ပြီး ပြန်လည် လက်ခံရေးစခန်းတွေကိုဖွင့်လှစ်ခဲ့ပါတယ်။ လောလောဆည်အချိန်ထိတော့ နှစ်နိုင်ငံသဘောတူစာချုပ်အရ ပြန်လည် လွဲှပြောင်းလာတာ မရှိသေးပါဘူး။
မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ ပူးပေါင်းဆောင်ရွက်ရေးရုံးUNOCHR ရဲ့ဌာနေကိုယ်စားလှယ်ကတော့ ဒုက္ခသည်တွေ ပြန်လာရေးအတွက် လုံခြုံရေးနဲ့ သက်သေခံကဒ်ပြားတွေ ရရှိရေးဟာ အရေးကြီးကြောင်း ထောက်ပြထားပါတယ်။