သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာပြန်ခေါ်ရေး ကုလနဲ့ပူးတွဲလုပ်မယ့်အစီအစဉ် ကနဦးသဘောတူညီချက်ရရှိ


ရခိုင်ပြည်နယ်မြောက်ပိုင်းကနေဘင်္ဂလားဒေ့ရှၤနိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ မြန်မာအစိုးရရဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်မှာ UNDP ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးတို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက် နားလည်မှုစာချွန်လွှာ ကနဦး သဘောတူညီချက်ရရှိသွားပြီဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ရဖို့အတွက် မြန်မာနိုင်ငံဖက်က အတတ်နိုင်ဆုံ းလိုက်လျောမှုတွေနဲ့ ညှိုနှိုင်းခဲ့တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုပါတယ်။ နေပြည်တော်မှာ လုပ်ခဲ့တဲ့ နိုင်ငံခြားဝန်ကြီးဌာန သတင်းစာရှင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အီးယူဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကနေ ရိုဟင်ဂျာဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ပွင့်လင်းမြင်သာရေးအတွက် ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းနေကြတာပါ။ ဒါကြောင့် မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်နိုင်ဖို့ မြန်မာအစိုးရ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးတို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ ကနဦးလက်မှတ်တို ရေးထိုးနိုင်ခဲ့ပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်လိုက်ပါတယ်။ ဒီ သဘောတူညီချက်ဖြစ်လာဖို့ မြန်မာဖက်က အတတ်နိုင်ဆုံးလိုက်လျောမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ပြောပါတယ်။

“ဖေဖော်ဝါရီလမှာ စတင်ထိတွေ့ခဲ့ပါတယ်။ မတ်လမှာသူတို့ဖက်က first concept paper ကျွန်တော်တို့ကိုပေးပါတယ်။ ဒီ concept paper နဲ့ ဝန်ကြီးအဆင့် လတ်မှတ်ရေးထိုးထားတဲ့ arrangement ကိုအခြေခံပြီး ကျွန်တော်တို့ MOU Draft ပြန်ပို့ထားပါတယ်။ ဒီကြားထဲမှာ Joint Working Group Technical Level ဆွေးနွေးမှုတွေရှိပါတယ်။ ဝန်ကြီးအဆင့်ဆွေးနွေးမှုတွေရှိပါတယ်။ အခက်အခဲရှိသလားဆိုတော့ UNDP နဲ့ UNHCR နဲ့ ကျွန်တော်တို့အစိုးရနဲ့ ဆွေးနွေးညှိနှိူင်းနေတဲ့အခါမှာ တဖက်နဲ့တဖက် Maximum flexibility ကျွန်တော်တို့ ဖြေလျှော့မှုတွေဆောင်ရွက်နေပါတယ်။ မကြာခင် လတ်မှတ်ရေးထိုးနိုင်ဖို့ ရှိပါမယ်ခင်ဗျာ ”

ဒုက္ခသည်ပြန်လည်လက်ခံရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ် နိုင်ငံတို့ သဘောတူညီထားတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်ဖက်က ဒုက္ခသည်တွေ ဖြည့်စွက်ရမယ့် ပုံစံတွေကို ဖြန့်ဝေပေးခြင်းမရှိပဲ သတင်းအမှောင်ချထားတာတွေရှိနေတယ်လို့ ဦးမြင့်သူက ဝေဖန်လိုက်ပါတယ်။

“ကျွန်တော်တို့ဖက်မှာ တတ်နိုင်သရွေ့ Awareness တွေလုပ်တယ်။ အားလုံးလည်းသိမှာပါ။ မေယု FM ချန်နယ်နဲ့ ကျွန်တော်တို့ ဘာတွေလုပ်နေလဲ ဘာတွေဆောင်ရွက်နေတယ်။ ဘင်္ဂလီ Language နဲ့ကို announce လုပ်ပါတယ်။ ဒါပေမယ့် ဧပြီလတုန်းက ဒေါက်တာဝင်းမြတ်အေးကိုယ်တိုင် ကော့ဘဇားမှာရှိတဲ့ Camp တွေကို သွားကြည့်တဲ့အခါ ဒီစခန်းတွေကနေ ကိုယ်စားလှယ်တွေနဲ့ တွေ့တဲ့အခါမှာ repatriation process ကိုလုံးဝမသိကြပါဘူး Verification Form နဲ့ပတ်သတ်ပြီး လုံးဝမသိကြပါဘူး။ အဲဒီတော့ Information Black Out လုပ်ထားတယ်လို့ ကျွန်တော်တို့ သုံးသပ်ရပါတယ်။”

ရိုဟင်ဂျာဒုက္ခသည်အရေး နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ အကြီးအကျယ်ခံနေရပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးကိုင်တွယ်နေရတဲ့ အခြေအနေကြောင့် မြန်မာအစိုးရက နိုင်ငံတကာအနေနဲ့ အပြုသဘောနဲ့ ချဉ်းကပ်ဖို့ တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂလုံခြံရေးကောင်စီမှာ ရိုဟင်ဂျာတွေကို ဖိနှိပ်မှုနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံကို အရေးယူရေး ထုတ်ပြန်ချက်တွေအပေါ် လုံခြံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် တရုတ်နဲ့ ရုရှားတို့က အကာအကွယ်ပေး ဖေးမနေတာဟာ အပေးအယူသဘောမဟုတ်ပဲ ချစ်ကြည်ရေးအရသာဖြစ်တယ်လို့ ဦးမြင့်သူက ပြောဆိုလိုက်ပါတယ်။

“တရုတ်နဲ့ ရုရှားတင်မဟုတ်ပါဘူး အိမ်နီးချင်းနိုင်ငံတွေ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အရှေ့အာရှမှာရှိတဲ့ ဂျပန် ကိုရီးယား ကျွန်တော်တို့နဲ့ ခင်မင်ရင်းနှီးတဲ့ ကျွန်တော်တို့အပေါ်နားလည်မှုရှိတဲ့ နိုင်ငံအားလုံးနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ရခိုင်ကိစ္စနဲ့ပတ်သတ်လို့ ကျွန်တော်တို့နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ရုရှားဖယ်ဒရေးရှင်းနဲ့က နှစ်နိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်တဲ့အနေအထားဖြစ်ပါတယ်။ အပေးအယူကိစ္စမဟုတ်ပါဘူး ။ နှစ်နိုင်ငံကြားမှာရှိတဲ့ ချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီးတော့ ပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ ”

နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ပတ်သတ်ပြီး ရှင်းလင်းသွားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG