သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွေအတွင်း လိင်ပိုင်းအကြမ်းဖက်မှု လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာရှေ့နေ ဆွေးနွေး


ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ တက္ကနဖ်က လမ်းမပေါ်မှာ ခရီးတထောက်နား။ ဖေဖော်ဝါရီ ၂၂ ၂၀၁၈။ ဓာတ်ပုံ - AFP
ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ တက္ကနဖ်က လမ်းမပေါ်မှာ ခရီးတထောက်နား။ ဖေဖော်ဝါရီ ၂၂ ၂၀၁၈။ ဓာတ်ပုံ - AFP

မြန်မာနိုင်ငံကို မကြာခင် သွားရောက်တော့မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ အနေနဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်း အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေနဲ့ တေ့ွဆုံဖို့ ရိုဟင်ဂျာရှေ့နေ Ms. Razia Sultana ကတိုက်တွန်းလိုက်ပါတယ်။ လတ်တလောဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေမှာ ရိုဟင်ဂျာ အမျိုးသမီးနဲ့ မိန်းကလေးတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့က ဆွေးနွေးတဲ့ “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု” ဆိုတဲ့ ဆွေးနွေးပွဲမှာ Working Group on Women, Peace and Security ဆိုတဲ့ NGO အဖွဲ့ကိုယ်စား Ms. Sultana က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသား အမျိုးသမီးတွေအပေါ် မြန်မာအစိုးရတပ်တွေရဲ့ ကျူးလွန်မှုတွေကို ICC ကိုတင်ဖို့လည်း တိုက်တွန်းသွားတဲ့ အကြောင်း မစုမြတ်မွန်က ဆက်ပြီးတင်ပြပါတယ်။

ကမ္ဘာတဝန်း ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ရှောင်ရှားနိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တနင်္လာနေ့က ဆွေးနွေးခဲ့ကြပါတယ်။ နိုင်ငံစုံက သူတို့သဘောထား အမြင်တွေကို တင်ပြဆွေးနွေးကြတဲ့ ဆွေးနွေးပွဲအတွင်း ရိုဟင်ဂျာ အမျိုးသမီးတွေအရေး ဆောင်ရွက်နေတဲ့ ရိုဟင်ဂျာ အမျိုးသမီးရှေ့နေ Ms. Razia Sultana က လုံခြုံရေးကောင်စီမှာ သူ့ရဲ့လေ့လာချက်တွေကို ပထမဆုံးအကြိမ် လာရောက်ပြောပြသွားပါတယ်။ Working Group on Women, Peace and Security ဆိုတဲ့ NGO အဖွဲ့ကိုယ်စား Ms. Sultana ကလာရောက်တင်ပြခဲ့တာမှာ ရိုဟင်ဂျာအမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို လုံခြုံရေးကောင်စီက ကာကွယ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် လုံခြုံရေးကောင်စီ ကျွန်မတို့ကို ကာကွယ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ထဲက မြင်နေရတဲ့ သတိပြုစရာ အချက်တွေကို လစ်လျူရှု မထားဘူး ဆိုရင် အခုနောက်ဆုံးဖြစ်တဲ့ ပြဿနာ မျိုးကို ရှောင်လွှဲ နိုင်ခဲ့မှာဖြစ်ပါတယ်။”

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကိုလည်း ခုလို ပြောသွားပါတယ်။

“ ကျွန်မကိုယ်တိုင် လေ့လာချက်တွေ၊လူတွေ့မေးမြန်းချက်တွေအရ ရခိုင်ပြည်နယ်ထဲက ရွာပေါင်း ၁၇ ရွာက အမျိုးသမီးနဲ့ မိန်းကလေးငယ် ၃၀၀ ကျော်ကို အစိုးရတပ်တွေက မုဒိန်းကျင့်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ကစလို့ ရွာပေါင်း ၃၅၀ ကျော်တိုက်ခိုက် မီးရှို့ခံခဲ့ရပါတယ်။ ဒီကိန်းဂဏန်းတွေက အမှန်တကယ် မုဒိန်းကျင့်ခံခဲ့ရသူ အမျိုးသမီး အရေအတွက်ရဲ့ အစိတ်အပိုင်းတခုသာ ဖြစ်မယ့်ပုံရပါတယ်။ အသက် ၆ နှစ်လောက်အထိငယ်တဲ့ မိန်းကလေးတွေ အုပ်စုဖွဲ့ မုဒိန်းကျင့်ခံခဲ့ရပါတယ်။ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ သူတို့ရဲ့ နေအိမ်တွေမှာ အုပ်စုဖွဲ့ မုဒိန်းကျင့်ခံရသလို ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်ပြေး ဖြတ်ကျော်ဖို့ ကြိုးစားနေကြချိန်တွေမှာ မုဒိန်းကျင့်ခံခဲ့ကြပါတယ်။”

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အဓ္ဓမပြုကျင့်မှုတွေက ဟိုးအရင်ထဲက ရှိနေတာဖြစ်ပြီး အခုကတော့ အင်မတန်ကြီးမားတဲ့ အတိုင်းအတာနဲ့ ဖြစ်နေတာဖြစ်တယ် လို့လည်း ခုလိုဆိုပါတယ်။

“ မြန်မာနိုင်ငံထဲမှာရှိတဲ့ တခြားလူနည်းစု တိုင်းရင်းသားတွေ ဖြစ်ကြတဲ့ ကရင်၊ ကချင်၊ မုန်းနဲ့ ရှမ်းလူမျိုးတွေဟာလည်း ဆယ်စုနှစ်များစွာထဲက စစ်တပ်ရဲ့ စစ်ရေး ဆောင်ရွက်မှုတွေအတွင်း ခွဲခြားဆက်ဆံခံကြရတယ်။ မုဒိန်းကျင့်ခံရတယ်။ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံခဲ့ကြရပေမဲ့ အပြစ်ရှိသူတွေ အပြစ်ပေးမခံရဘဲ လွတ်မြောက်နေကြပါတယ်။ မြန်မာနိုင်ငံထဲမှာရှိတဲ့ တိုင်းရင်းသား အမျိုးသမီးအဖွဲ့တွေက ဒီအဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားတာ ဆယ်စုနှစ်နဲ့ချီရှိပါပြီ။ ၂၀၀၂ ခုနှစ်တုန်းက ရှမ်းအဖွဲ့တွေ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဒီလိုမျိုး အုပ်စုဖွဲ့ မုဒိန်းကျင့်မှုတွေ၊သတ်ဖြတ်မှုတွေ၊ အင်္ဂါချို့ယွင်းအောင် လုပ်တာတွေကို ဖော်ပြခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းကလည်း မြန်မာစစ်တပ်က တိုင်းရင်းသူ အမျိုးသမီး ၁၀၀ ကျော်ကို မုဒိန်းကျင့်ခဲ့တဲ့ အဖြစ်တွေကို မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း မြန်မာစစ်တပ်က တိုင်းရင်းသူ အမျိုးသမီးတွေကို အဓ္ဓမပြုကျင့်နေပေမဲ့ အရေးယူမခံရဘဲ ကင်းလွတ်ခွင့်ရနေတာကို ပြသနေပါတယ်။”

မကြာခင်မှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ဘင်္ဂလားဒေရှ့်နဲ့ မြန်မာနိုင်ငံတွေကို သွားဖို့ရှိနေတဲ့အတွက် အဲဒီခရီးစဉ်အတွင်း အဓ္ဓမပြုကျင့်ခံရသူတွေနဲ့ တေ့ွဆုံဖို့ကိုလည်း Ms. Razia Sultana ကတိုက်တွန်းပါတယ်။

“ ဒီလကုန်ပိုင်းကျရင် လုံခြုံရေးကောင်စီက Cox’s Bazar မှာရှိတဲ့ ဒုက္ခသည်စခန်းတွေနဲ့ မြန်မာနိုင်ငံကို သွားတော့မှာပါ။ ဒီခရီးစဉ်အတွင်း အဓ္ဓမကျင့်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို တေ့ွဆုံရပါမယ်။ သူတို့နဲ့ ဘေးကင်းစွာတွေ့နိုင်ဖို့ ကျွန်မစီစဉ်ပေးနိုင်ပါတယ်။ လူကုန်ကူးမှုရပ်သွားအောင် လုံခြုံရေးကောင်စီအနေနဲ့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေနဲ့ လက်တွဲလုပ်ရပါမယ်။ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်အောင်၊ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာမှု အကူအညီတွေကို အကန့်အသတ်မရှိ ပေးလို့ရအောင်၊ မြန်မာအစိုးရနဲ့ အကြီးတန်း တာဝန်ရှိသူတွေအပေါ် ဖိအားပေးရပါတယ်။”

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေအပေါ် အစိုးရတပ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုတွေနဲ့ တခြားပြစ်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်ပြစ်မှုခုံရုံးကို လုံခြုံရေးကောင်စီအနေနဲ့ တင်ပြဖို့လည်း သူကခုလို တိုက်တွန်းသွားပါတယ်။

“ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အတွင်းရေးမှူးချုပ်ရဲ့ ဒီနှစ်အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်ကို ပထမဆုံးအကြိမ် ထည့်သွင်းထားပါတယ်။ ဒီအချက်နဲ့ စစ်တပ်က အရေးယူခြင်းမခံရဘဲ ဆက်ပြီးကင်းလွတ်နေတဲ့ အခြေအနေတွေကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံက အခြေအနေကို နိုင်ငံတကာ ရာဇဝတ်ပြစ်မှုခုံရုံးကို အချိန်မဆိုင်းဘဲ တင်ပြရပါမယ်။ ရိုဟင်ဂျာတွေ အပေါ် ဆိုးဆိုးဝါးဝါး ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပြင် ရှမ်း၊ ကရင်၊ ကချင် အပါအဝင် တခြားပြည်နယ်တွေက တိုင်းရင်းသား အဖွဲ့တွေအပေါ် ကျူးလွန်မှုတွေကို ICC ကိုတင်ပြရပါမယ်။”

၂၀၁၇ သြဂုတ်လနောက်ပိုင်း ရခိုင်မြောက်ပိုင်းကနေ ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်သွားသူ ၇ သိန်းလောက် ရှိနေပြီး အဲဒီသူတွေရဲ့ အရေးကို ခုလို လုံခြုံရေးကောင်စီမှာ Razia Sultana ကပထမဆုံး လာရောက်ပြောပြတဲ့အပေါ် ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ် Amina J. Mohammed ကကြိုဆိုခဲ့ပါတယ်။

“ ရိုဟင်ဂျာအသိုင်းအဝိုင်းရဲ့ အသံတွေကို ကျယ်ကျယ်ကြားနိုင်အောင်နဲ့ သူတို့ရဲ့ ဘာသာယုံကြည်မှုနဲ့ ရိုဟင်ဂျာဖြစ်နေလို့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေ စနစ်တကျပြစ်မှတ်ထားခံရတဲ့ အဖြစ်တွေကို Ms. Razia Sultana ကဒီကနေ့လာရောက် ပြောပြတာကို ကြိုဆိုပါတယ်။ ဒီနှစ်ထဲမှာ မြန်မာနိုင်ငံနဲ့ တခြားပဋိပက္ခဖြစ်နေတဲ့ နေရာတော်တော်တော်များများမှာ စစ်ရေး။ စီးပွားရေးနဲ့။ အတွေးအမြင်ပိုင်း အသာရအောင် ခြိမ်းခြောက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနေကြပါတယ်။ ဒီအချက်တွေက အကြီးအကျယ် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်နေပါတယ်။”

ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကာကွယ်တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့အထူးသံတမန် Pramila Patten ကလည်း Ms. Sultana ရဲ့ တင်ပြချက်တွေဟာ တန်ဖိုးရှိတယ်လို့ဆိုခဲ့ပါတယ်။

“ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခါနီး အချိန်မှာ Ms. Razia Sultana ရဲ့ အမြင် တင်ပြချက်တွေဟာ သိပ်တန်ဖိုးရှိပါတယ်။ တိုက်ရိုက်သက်ဆိုင်နေတဲ့ အသိုင်းအဝိုင်းတွေရဲ့ အသံတွေဆီက အမှန်တရားတွေကို သိရတဲ့အတွက် ကျွန်မတို့ရဲ့ လုပ်ဆောင်ရမယ့် ဆောင်ရွက်ချက်တွေကို လမ်းပြပါတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ရဲ့၂၀၁၇ ခုနှစ်အတွက် ပဋိပက္ခတွေ အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာ့တပ်မတော်ကို ပထမဆုံးအကြိမ် ထည့်သွင်းထားချိန်မှာ အစိုးရတပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေကို ခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG