သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် အတည်ပြုရေး ဦးကျော်မိုးထွန်း တိုက်တွန်း 


ကုလသမဂ္ဂရှေ့ ထောက်ခံဆန္ဒပြပွဲ (စက်တင်ဘာ ၁၇၊ ၂၀၂၃)
ကုလသမဂ္ဂရှေ့ ထောက်ခံဆန္ဒပြပွဲ (စက်တင်ဘာ ၁၇၊ ၂၀၂၃)

မြန်မာပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ဖို့ စစ်အာဏာရှင် ချုပ်ငြိမ်းဖို့နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ဆိုရင် ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနေရာအတွက် အတည်ပြုသတ်မှတ်ပေးဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။ ဦးကျော်မိုးထွန်းကို ထောက်ခံဆန္ဒပြပွဲတွေ ကမ္ဘာ့နိုင်ငံမြို့ကြီးတွေမှာ ကျင်းပကြတာမှာ ကုလသမဂ္ဂရှေ့ ထောက်ခံဆန္ဒပြပွဲကို လာရောက်စဥ်မှာ VOA ကို အခုလို ပြောကြားခဲ့တာပါ။ နယူးယောက်မြို့ကို ကိုအောင်အောင် သွားရောက် ရိုက်ကူးတင်ပြထားပါတယ်။

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်နေရာအတွက် လူထုလိုလားတဲ့သူတွေကသာ ကိုယ်စားပြုသင့်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

"status ကိုမဟုတ်ပဲနဲ့ တကယ့်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပြည်သူ့အစိုးရ၊ ပြည်သူတွေက ရွေးချယ်တဲ့ ပြည်သူ့အစိုးရကိုယ်စားလှယ် ခန့်အပ်နိုင်ခြင်းပေါ့နော် ၊ နှစ်စဉ်နှစ်စဉ် တနှစ်ရောက်တိုင်း ဒီလိုမျိုးထပ်ထပ်ပြီးတော့လုပ်နေရတာကို ရှောင်လွှဲနိုင်တဲ့အနေအထားမျိုးကို ကျွန်တော်တို့ရောက်ချင်တယ်။ ပြည်သူတွေရဲ့လိုလားချက်ကို အပြည့်အဝ နိုင်ငံတကာကကြားသိပြီးတော့ အပြည့်အဝဆောင်ရွက်လုပ်ကိုင်နိုင်တဲ့အနေအထားမျိုး ရောက်ရှိလိုပါတယ်။ ဒါကြောင့် ပြည်သူသာအဓိကဖြစ်တယ်၊ ပြည်သူအားနဲ့ပဲ နိုင်ငံတကာမျက်နှာစာလည်း ဒါကို မုချပြည်သူရဲ့ကိုယ်စားပြုမှုကို ယတိပြတ်ဆောင်ရွက်သွားနိုင်ဖို့ကို အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးခြင်းအားဖြင့်လည်း မြန်မာနိုင်ငံလိုလားတဲ့ ဒီမိုကရေစီပြန်လည်ရရှိဖို့၊ စစ်အာဏာရှင်အမြန်ဆုံးချုပ်ငြိမ်းဖို့ပေါ့လေ၊ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်နိုင်ဖို့အတွက် ဒါတွေက တထောင့်တနေရာကနေ အားဖြည့်နိုင်တဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီနေရာလေးဆက်ရှိနေတာက ကျွန်တော်တို့ပြည်သူတွေအတွက် အများကြီးအရေးကြီးပါတယ်လို့ ကျွန်တော်တင်ပြလိုပါတယ်။ "

ကုလသမဂ္ဂညီလာခံတက်ရောက်ဖို့ တင်ပြလာတဲ့ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်တွေစာရင်းကို Credential Committee ကုလသမဂ္ဂ ကိုယ်စားလှယ်အတည်ပြု သတ်မှတ်ရေး ကော်မတီကနေ ဆုံးဖြတ်ပေးတာပါ။ ကုလသမဂ္ဂ အထွေထွေညီလာခံကို စက်တင်ဘာလ ၅ ရက်နေ့က စတင်ကျင်းပတာမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ အတည်ပြုသတ်မှတ်ပေးတဲ့ ကော်မတီကို စတင်ဖွဲ့စည်းခဲ့ပါတယ်။ အဖွဲ့ဝင် ၉ နိုင်ငံမှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေကတော့ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေဖြစ်ပြီး တခြားနိုင်ငံတွေက အလှည့်ကျအဖွဲ့ဝင် ၆ ဦး ပါဝင်ပါတယ်။ နိုင်ငံတကာမျက်နှာစာမှာ မြန်မာအရေးနဲ့ ပတ်သတ်ပြီး အလေးထား ဆုံးဖြတ်ချက်တွေ ချမှတ်ပေးလာနိုင်ဖို့ဆိုရင် စည်းလုံးညီညွတ်ဖို့ အရေးကြီးကြောင်းလည်း အခုလိုပြောပါတယ်။

"ပြည်ပမှာရှိတဲ့ ကျွန်တော်တို့ Diaspora တွေရော၊ ပြည်တွင်းမှာရှိတဲ့ ကျွန်တော်တို့ ပြည်သူပြည်သားတွေရော အားလုံးစုပေါင်းဆောင်ရွက်နိုင်တဲ့အား တကယ်အရေးကြီးတဲ့ဥစ္စာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တွေအခုဆောင်ရွက်နေတဲ့ တော်လှန်ရေးအောင်မြင်စေဖို့ကို ဟန်ချက်ညီညီနဲ့ ဒီထက်ပိုပြီးတော့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ် ဆောင်ရွက်သွားတယ်၊ စစ်အာဏာရှင်လုံးဝပပျောက်သွားတယ်ဆိုရင် ကျွန်တော်တို့လိုလားတဲ့ ကုလသမဂ္ဂမှာ မြန်မာကိုယ်စားပြုမှုဟာ ယတိပြတ်ပေါ့နော် ကိုယ်စားပြုမှုကိုအငြင်းအခုံမဖြစ်ပဲနဲ့ သူများမျက်နှာမကြည့်ရပဲနဲ့ ကျွန်တော်တို့ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့်ကျွန်တော်တို့ ပြည်သူ့အားဟာ တကယ့်ကိုအရေးကြီးပါတယ်။ ပြည်သူ့အားနဲ့ပဲ စစ်အာဏာရှင်ကို အပြီးပြတ်ချေမှုန်းသွားပါမယ်လို့ ၊ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို ချေမှုန်းသွားရင် ဒီဘက်မှာ ကိုယ်စားပြုမှုကလည်း သူ့ဟာသူအလိုလို အလွယ်တကူဖြစ်သွားမှာပါ။"

စစ်တပ်ကအာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်အတွင်း စက်တင်ဘာ ၂၆ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အာဏာသိမ်းစစ်ကောင်စီကို ကိုယ်စားပြုတက်ရောက်တာမဟုတ်ဘဲ လူထုရွေးချယ်တင်မြှောက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရကိုသာ ကိုယ်စားပြုတက်ရောက်တာဖြစ်ကြောင်း ပြောဆိုခဲ့တာကြောင့် လူအများ အံ့အားသင့်ချီးကျူးခဲ့ကြပါတယ်။ ညီလာခံ အစည်းအဝေးအတွင်းမှာပဲ ဦးကျော်မိုးထွန်းဟာ လက် ၃ ချောင်းထောင်ပြီး မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပါကြောင်းလည်း ပြောဆိုခဲ့ပါသေးတယ်။

"ဒီအရေးတော်ပုံမုချအောင်မြင်ရမည်။ ပြည်သူသာအဓိကပါ၊ အရေးတော်ပုံအောင်ရမည်"

အဲဒီနောက်ပိုင်းမှာ ဦးကျော်မိုးထွန်းဟာ မြန်မာ့အတိုက်အခံအင်အားစုတွေနဲ့အတူ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွေမှာ ပူးပေါင်းပါဝင်လာပါတယ်။ ကုလသမဂ္ဂမှာ လူထုကိုကိုယ်စားပြုတဲ့သူ ရှိနေဖို့အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောဆိုထားတာပါ။

"အကြမ်းဖက်စစ်တပ်က ဒီနေရာကို အကြောင်းပြုပြီးတော့ နိုင်ငံတကာမှာလူရာဝင်အောင်၊ လူတောတိုးအောင် သူတို့ကြိုးစားနေတာဟာ သံအမတ်ကြီးဦးကျော်မိုးထွန်းရှိနေတဲ့အတွက်ကြောင့်မို့လို့ သူတို့ဒါကိုဘယ်လိုမှလုပ်လို့မရဘူး။ ဒါကလည်း အင်မတန်မှအရေးကြီးတဲ့အချက်တချက်ဖြစ်ပါတယ်။ နောက်တခုကဘာလည်းဆိုတော့ ကမ္ဘာ့ကုလသမဂ္ဂဆိုတာက နိုင်ငံရေးအရ ကမ္ဘာ့စင်မြင့်တခုပေါ့နော်၊ အဲဒီလိုမျိုးစင်မြင့်တခုကို အကြောင်းပြုပြီးတော့ ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးပေါ့၊ ပြည်သူ့အစိုးရကလည်း သံခင်းတမန်ခင်း၊ သံရေးတမန်ရေးဆိုင်ရာ လုပ်ငန်းတွေကို ခြေဆန့်လက်ဆန့်လုပ်ရတာပေါ့နော်။ အဲဒီလိုနေရာကနေ အကြောင်းပြုပြီးတော့ သံတမန်တိုက်ပွဲတွေလည်း အများကြီးဆင်နွှဲနိုင်ခဲ့တာရှိတယ်။ အောင်မြင်မှုတွေလည်း အများကြီးရခဲ့တာရှိတယ်။ အဲဒါကြောင့် သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့နေရာဟာ ကျွန်တော်တို့အတွက်က အင်မတန်အရေးကြီးပါတယ်"
NUG နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး ပြောသွားတာပါ။

ကုလသမဂ္ဂအထွေထွေညီလာခံကာလမှာ NUG အစိုးရအနေနဲ့ နိုင်ငံတကာထောက်ခံမှုတွေရအောင် ပိုကြိုးပမ်းသွားမယ်လို့လည်း အခုလို ပြောပါတယ်။

"ကျွန်တော်တိုမကြာခင်ဆိုလို့ရှိရင် ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ကမ္ဘာ့ခေါင်းဆောင်တွေလာရောက်ကြမယ့် ရက်သတ္တပတ်မှာ မိန့်ခွန်းပြောကြမယ်၊ တခြားဆွေးနွေးပွဲတွေ လုပ်ကြမယ်ပေါ့လေ၊ အဲဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့လည်း နယူးယောက်မြို့ကိုလာရောက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေလာတဲ့အခါကျရင် ကျွန်တော်တို့ တွေ့သင့်တွေ့ထိုက်တဲ့သူတွေနဲ့ တွေ့မယ်။ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ sideline လို့ခေါ်တဲ့ ဘေးထွက်အစည်းအဝေးတွေမှာလည်း တက်ရောက်ဖို့တွေရှိတယ်။ တွေ့သင့်တွေ့ထိုက်တဲ့သူတွေပေါ့လေ နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေနဲ့လည်းပဲ ကျွန်တော်တို့တွေ့ဆုံပြီး ကျွန်တော်တို့နိုင်ငံရဲ့ အရေးကို နိုင်ငံတကာက ပိုပြီးတော့ သတိထားမိလာအောင် နိုင်ငံတကာက ပိုပြီးတော့ ထောက်ခံအားပေးမှုတွေရလာအောင် ကြိုးစားဆောင်ရွက်ဖို့ရှိပါတယ်ခင်ဗျ။"

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုပေးဖို့ လူထုထောက်ခံဆန္ဒပြပွဲတွေ နယူးယောက်မြို့မှာ စက်တင်ဘာ ၁၆ ရက်နေ့က ကျင်းပပါတယ်။


"၇၈ ကြိမ်မြောက် သဘာပတိရော၊ ဒု-သဘာပတိရောဆီကိုကျွန်တော်တို့ပေးပို့ပါတယ်။ credential committee ကိုပေးပို့ပါတယ်။ ဒါ့အပြင် သံအမတ်ကြီးတွေအားလုံးကို ပေးပို့ပြီးတော့ ဒီအတွက် ကျွန်တော်တို့ရဲ့ လိုလားချက်တောင်းဆိုချက်ကတော့ NUG ကို အသိအမှတ်ပြုပေးဖို့၊ ဒါ့အပြင် အခု ၇၈ကြိမ်မြောက်မှာ ပြည်သူလိုလားတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို တရားဝင်အသိအမှတ်ပြုပေးဖို့ကိစ္စကို ထုတ်ပြန်ချက်တွေ ပေးပို့ခဲ့ပါတယ်။"
နယူးယောက်မြို့က တက်ကြွလှုပ်ရှားသူ ကိုနေတင်မြင့် ပြောသွားတာပါ။

သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံဆန္ဒပြပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်၊ မြောက်ကယ်ရိုလိုင်းနား၊ အင်ဒီယားနား၊ ကယ်လီဖိုးနီးယားနဲ့ ပြည်နယ်အတော်များများက မြန်မာနွယ်ဖွားတွေ လာရောက်ပူးပေါင်းဆန္ဒထုတ်ဖေါ်ကြပါတယ်။ ဒီထဲမှာ သရုပ်ဆောင်မြတ်နိုးအေးလည်း ပါဝင်ပါတယ်။

"မြန်မာပြည်မှာဖြစ်ပျက်နေတဲ့ အကြမ်းဖက်စစ်မိစ္ဆာတွေရဲ့ ယုတ်မာမှုတွေ မတရားလုပ်မှုတွေကို ခံနေရတဲ့ ပြည်သူတွေအားလုံးရဲ့ကိုယ်စား အသံတသံထွက်ပေးနိုင်မဲ့ ၊​တကယ့်အမှန်တရား ဓမ္မဘက်ကနေရပ်တည်မဲ့ သံအမတ် မြတ်နိုးတို့တကယ်ကိုလိုအပ်တယ်။ အဲဒီတော့ ဦးကျော်မိုးထွန်းဆက်ပြီးတော့ ရှိနေခြင်းက မြန်မာပြည်သူတွေ အားလုံး အရေးတော်ပုံ အောင်နိုင်ခြင်းအတွက် အဓိကဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ မြတ်နိုးတို့ ဒီပွဲမှာလာပြီးတော့ ဝန်းရံတာပါ။"

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ဦးကျော်မိုးထွန်း မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း သံအမတ်အကြိးအဖြစ် အသိအမှတ်ပြုခံရဖို့ နိုင်ငံတကာမှာ အခုလို ထောက်ခံဆန္ဒပြပွဲတွေ တလတာကျင်းပသွားမှာဖြစ်တယ်လို့လည်း ဆန္ဒပြပွဲ ဦးဆောင်ကျင်းပသူတွေက ပြောဆိုပါတယ်။

XS
SM
MD
LG