[ Zawgyi ]
ဂျပန်နိုင်ငံရဲ့ ဒုက္ခသည် အသိအမှတ်ပြုမှု ဆိုင်ရာ စနစ် တိုးတက်လာရေး အတွက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အဖွဲ့ထံကနေ အကြံညဏ်တွေ ရယူနိုင်ရေး ဂျပန် အစိုးရက ပြင်ဆင်နေကြောင်း NHK သတင်းက ဖော်ပြပါတယ်။
ဂျပန် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ မဟာမင်းကြီး Sasaki Shoko နဲ့ ဂျပန်ဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Karen Farkas တို့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ နားလည်မှု စာချွန်လွှာ တခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
လူမျိုး၊ နိုင်ငံရေး ယုံကြည်ချက် ဒါမှမဟုတ်လည်း တခြား အကြောင်းတွေကြောင့် ဌာနေပြန်ရင် နှိပ်စက်ညှဉ်းပန်းခံရနိုင်ခြေ ရှိတဲ့ နိုင်ငံခြားသားတွေကို ကုလသမဂ္ဂရဲ့ ဒုက္ခသည် ဆိုင်ရာ သဘောတူညီချက် အရ ဒုက္ခသည် အဖြစ် ဂျပန်က အသိအမှတ်ပြုထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ဂျပန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် ရရေး ကြိုးစားသူတွေရဲ့ ၁ ရာခိုင်နှုန်းလောက်သာ ရှိတဲ့ လူ ၄၇ ဦးကို ဂျပန်က နိုင်ငံရေး ခိုလှုံခွင့် ပေးခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့ စံနှုန်း သတ်မှတ်ချက်တွေက အနောက်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ပိုပြီး တင်းကြပ်လွန်းတယ်လို့ ပြောသူ တချို့လည်း ရှိပါတယ်။ အခု UNHCR နဲ့ ဂျပန်ကြား လက်မှတ်ရေးထိုးလိုက်တဲ့ နားလည်မှု စာချွန်လွှာမှာတော့ ဂျပန်ရဲ့ စံနှုန်း သတ်မှတ်ချက်တွေ ပိုပြီး ရှင်းလင်းအောင် လုပ်တဲ့ နေရာမှာ UNHCR ရဲ့ သဘောထားကို ရယူသွားမှာ ဖြစ်ပါတယ်။ ဂျပန် လူဝင်မှု ကြီးကြပ်ရေး ဌာနဘက်က ဆုံးဖြတ်ရ ခက်ခဲနေတဲ့ ကိစ္စတွေကို UNHCR နဲ့ ပူးတွဲ လေ့လာသွားမှာ ဖြစ်သလို UNHCR ဘက်ကလည်း အကြံပေးမှာ ဖြစ်ပါတယ်။
[ Unicode ]