သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ရောက် မြန်မာနွယ်ဖွားတွေကြား ကိုဗစ်ကာလ အပြန်အလှန် ကူညီနေကြ


ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဇူလိုင် ၁၈၊ ၂၀၂၀)
ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (ဇူလိုင် ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ဒီရက်ပိုင်းတွေထဲ ဂျပန်နိုင်ငံမှာ ကပ်ရောဂါ COVID-19 ကူးစက်မှုတွေ ဆက်တိုက်ဖြစ်လာနေတဲ့အပေါ် ဂျပန်ရောက်မြန်မာတွေ စိုးရိမ်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဂျပန်နိုင်ငံထဲမှာ COVID-19 ရောဂါပိုး ကူးစက်သူ မြင့်မားလာနေတဲ့အပေါ် ဂျပန်ရောက် မြန်မာတွေကြားမှာလည်း စိုးရိမ်မှုတွေရှိနေပြီး ရောဂါပိုး ကူးစက်ခံရခြင်း မရှိအောင် အထူးသတိထား နေထိုင်ကြဖို့ အချင်းချင်း သတိပေး နှိုးဆော်နေကြပါတယ်။ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ နေထိုင်တဲ့ ဂျပန်-မြန်မာအသင်း တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးသန်းဆွေက လက်ရှိ ဂျပန်နိုင်ငံတွင်း COVID-19 ကူးစက်နေတဲ့အပေါ် စိုးရိမ်ရတဲ့ အခြေအနေကို ပြောပြပါတယ်။

“အခုဆိုရင် ဂျပန်မှာ ကူးစက်ပြန့်ပွားမှုနှုန်းက တော်တော်လေးကို များလာတာပေါ့။ ပြီးခဲ့တဲ့လက ဂျပန်အစိုးရက တိုကျိုအပါအဝင် မြို့တော်တော်များများမှာ ကိုဗစ်ကြောင့် ထိန်းချုပ်ထားတဲ့ အရေးပေါ်စီမံချက်တွေကို ပြန်ရုပ်သိမ်းလိုက်ချိန်မှာ လူတွေက အပြင်တွေ ပြန်ထွက်လာကြပြီး သီတင်းပတ်ထဲမှာပဲ ကိုဗစ်ကူးစက်မှုနှုန်းက အရမ်းကို တက်လာတာပေါ့။ ဒီ တိုကျိုတမြို့တည်းမှာပဲ လူတွေထောင်ကျော် ပေါ့စတစ်တွေ့တယ်ဆိုတဲ့ကိစ္စ၊ မနေ့ကနဲ့ ဒီနေ့ဆိုရင် နေ့ဝက်တွင်းမှာကို လူအယောက် ၄၀၀ ကျော် တွေ့ရှိလာတော့ ဂျပန်လူထုကြားထဲ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတာပေါ့လေ။

“တိုကျိုမြို့တော်ဝန်ကတော့ ဒါတွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် သူတို့က နည်းပေါင်းစုံ ဘက်ပေါင်းစုံကနေ စဉ်းစားနေတယ်၊ ဂျပန်မှာ အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေးအတွက် သုံးတဲ့ နေရာတွေမှာ Social Distancing ကို လိုက်နာလို့မရတဲ့ အခါကျတော့ အဲ့ကနေလည်း ကူးစက်မှုမြန်လာတယ်လို့ ယူဆတယ်။ တိုကျိုမှာ ဒီ ၈ လပိုင်းကို ကိုဗစ်က စိုးရိမ်ရေမှတ် တက်လာမယ်လို့တော့ ခန့်မှန်းထားကြတယ်။”

အခုလို ကူးစက်မှုတွေ မြင့်မားလာနေချိန် အပြင်ထွက် လုပ်ငန်းခွင်ဝင်နေရတဲ့သူရော ကလေးသူငယ်နဲ့ မိသားစုရှိသူတွေပါ ဂျပန်ရောက် မြန်မာတွေကြားထဲမှာလည်း COVID-19 ရောဂါ ကူးစက်ခံရခြင်း မရှိအောင် အထူးသတိထား နေထိုင်ကြဖို့ ဂျပန်ရောက် တိုင်းရင်းသားတွေ စုဖွဲ့ထားတဲ့ ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦးက သတိပေးပါတယ်။

“မဖြစ်မနေ အလုပ်သွားရမယ့်သူတွေ အနေနဲ့ ကိုဗစ်မဖြစ်အောင် Mask အုပ်မယ်။ ဆင်ဆင်ခြင်ခြင် သွားကြရတာမျိုးတွေ လုပ်ရပါမယ်။ တတ်နိုင်ရင် အလုပ်မဟုတ်ရင် အပြင်မထွက်ဘဲ အိမ်မှာပဲနေတာ အကောင်းဆုံးလို့လည်း ဂျပန်အစိုးရက မေတ္တာရပ်ခံထားတာ ရှိပါတယ်။ အခုက ဂျပန်က တဖြည်းဖြည်း တရိပ်ရိပ်တက်လာတဲ့ အနေအထား ဖြစ်လာရချိန် ဂျပန်အစိုးရရဲ့ ခရီးသွားကမ်ပိန်းတခု ဆော်သြလိုက်တာရှိတော့ ပြည်သူတွေ စိတ်ဆိုးလာနေကြတာ မီဒီယာမှာ တွေ့နေရတယ်။ အားလုံး သွားတာလာတာလေးတွေ ဆင်ဆင်ခြင်ခြင်နဲ့ သတိထားကြစေချင်ပါတယ်။

“အခုဆိုရင် မေတ္တာရပ်ခံထားတာရှိတယ်၊ ၈ လပိုင်း ၃ ရက်နေ့ကနေ လကုန်အထိပေါ့နော်၊ စားသောက်ဆိုင်တွေ ဘားကလပ်တွေကနေ ကူးတာများတော့ စောပိတ်ဖို့ လုပ်နေတာရှိတယ်။ လောလောဆယ်တော့ အရင်လို လော့ဒေါင်းချတာမျိုးတော့ မမြင်သေးဘူး။ ဒါပေမယ့် စည်းကမ်းသတ်မှတ်ချက်တွေတော့ ပိုများလာတယ်။ ဂျပန်-မြန်မာ ကွန်ရက်ထဲမှာတော့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုးမကူးအောင် ဂရုစိုက်ဖို့၊ မဖြစ်မနေ အလုပ်သွားကြရမယ်ဆိုလည်း ကျန်းမာရေး သတိပေးချက်တွေကို ဂရုစိုက်နေထိုင်ကြဖို့ ပြောချင်ပါတယ်။”

COVID-19 ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကစလို့ ကမ္ဘာတဝန်း စီးပွားရေးလုပ်ငန်းတွေ ထိခိုက်၊ လုပ်ငန်းခွင်တချို့ ပိတ်သိမ်းထားရချိန် ဂျပန်ရောက် မြန်မာတွေလည်း အလုပ်လက်မဲ့ဖြစ်၊ နေထိုင်စားသောက်ရေး အခက်အခဲ ကြုံနေကြရတာတွေနဲ့ ရင်ဆိုင်နေကြရတာပါ။ အဲဒီအတွက် ဂျပန်ရောက် မြန်မာအချင်းချင်း ယိုင်းပင်းကူညီကြဖို့ စီစဉ်နေသလို COVID-19 ရောဂါပိုး ကူးစက်မခံရအောင် ဂျပန်အစိုးရရဲ့ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့ကိုလည်း ဂျပန်မြန်မာအသင်းက ဦးသန်းဆွေက တိုက်တွန်းပါတယ်။

“အဓိကကတော့ မြန်မာအသိုင်းအဝိုင်း အများစုက စားသောက်ဆိုင်တွေမှာ များတယ်။ ဒုတိယအနေနဲ့ကတော့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်တဲ့သူ များတော့ စီးပွားရေးကျတဲ့အခါကြတော့ မြန်မာတွေကြားထဲမှာ တော်တော်လေး ဒုက္ခရောက်ကြရတယ်။ အလုပ်မရှိကြတော့ နေရေးထိုင်ရေးကအစ တော်တော်လေး အခက်အခဲရှိတဲ့သူတွေ တော်တော်ကို များလာတယ်။ မြန်မာနိုင်ငံကို ပြန်ဖို့ကလည်း ဖလိုက်တွေက ပိတ်ထားတယ်။

“တော်တော်လေးကို အခက်အခဲဖြစ်နေတဲ့ မြန်မာတွေလည်း ကျနော်တို့ဆီကို တတ်နိုင်သလောက် အကူအညီရဖို့ ဆက်သွယ်လာကြတာတွေလည်း ရှိတော့ ကျနော်တို့က မဲပေးတဲ့ကိစ္စ မြန်မာသံအမတ်နဲ့ ဆွေးနွေးချိန် ဂျပန်ရောက်မြန်မာတွေ အခက်အခဲကို ကူညီဖြေရှင်းပေးနိုင်ဖို့ လမ်းစရှာနေပါတယ်။ ဒါကြောင့် ဒီမှာရှိတဲ့မြန်မာတွေ ကိုဗစ်ကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရ ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာပြီးတော့ နေဖို့ရယ်၊ အခကအခဲဖြစ်နေတဲ့သူ အချင်းချင်းလည်း ဝိုင်းပြီး ယိုင်းပင်းကူညီကြဖို့ပေါ့နော် ဂျပန်နိုင်ငံလုံးအနံ့ှ လှုံ့ဆော်ပြီးတော့ အကူအညီတွေတောင်းဖို့ အစီအစဉ်တွေ ဆွဲနေပါတယ်။”

မကြာသေးခင် ရက်တွေအတွင်း အခုလို COVID-19 ကူးစက်သူ တိုးများလာရတာဟာ ဂျပန်လူငယ်တွေက ညဘက် ဖျော်ဖြေရေးရှိတဲ့ နေရာတွေကို သွားကြတဲ့ အကြောင်းပြချက်ကြောင့် ဖြစ်နိုင်သလို ရောဂါပိုး ကူးစက်မှုဟာ အသက်အရွယ် ကြီးရင့်သူတွေနဲ့ ပုံမှန် အိမ်တွေ၊ လုပ်ငန်းခွင်တွေနဲ့ စားသောက်ဆိုင်တွေကိုပါ ပျံ့နှံ့လာနေတယ်လို့လည်း တိုကျိုမြို့ ကိုဗစ်လုပ်ငန်းအဖွဲ့က ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။

Johns Hopkins တက္ကသိုလ်ရဲ့ စနေနေ့ ထုတ်ပြန်ချက် နောက်ဆုံးစာရင်းအရ ဂျပန်တနိုင်ငံလုံး အတိုင်းအတာနဲ့ ကူးစက်မှုက ၃၇,၅၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူကတော့ ၁,၀၀၀ ဝန်းကျင်အထိ ရှိနေပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)














XS
SM
MD
LG