ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား မြန်မာနိုင်ငံအပါအဝင် ကလေးငယ်တွေ အကြမ်းဖက်ခံရတဲ့ အခြေအနေဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရေအတွက်နဲ့ အဆိုးဆုံးအဆင့်ကို ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ ကမ္ဘာတဝန်း ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီး လူသားချင်းစာနာမှု အကူအညီ ငြင်းပယ်ခံနေရတာတွေ သိသိသာသာပိုပြီး ဆိုးရွားလာနေတယ်လို့ လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်ရေးရာ ကုလသမဂ္ဂအကြီးအကဲ Virginia Gamba က နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ မနေ့ ဇွန် ၁၃ ရက်က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
"၂၀၂၃ ခုနှစ်အတွင်း ပဋိပက္ခတွေကြား ဆိုးရွားတဲ့ ချိုးဖောက်မှုတွေကို ကလေးငယ်တွေ ကြုံရတာဟာ အရေအတွက် အားဖြင့် အများဆုံး ဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရတဲ့ ကလေးငယ် ၁၁,၆၄၉ ယောက် ရှိပါတယ်။ အဓမ္မ လူစုဆောင်းခံရပြီး ခိုင်းစေခံရတဲ့ ကလေး ၈,၆၅၅ ယောက်ရှိပြီး ဖမ်းဆီး ပြန်ပေးဆွဲခံရတဲ့ ကလေးအရေအတွက်တော့ ၄,၃၅၆ ယောက် ရှိပါတယ်လို့ လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်ရေးရာ ကုလသမဂ္ဂ အကြီးအကဲ Virginia Gamba က ပြောသွားတာပါ။
၂၀၂၃ ခုနှစ် အရေအတွက်ဟာ ၂၀၂၂ ခုနှစ်ကထက် ၂၁ % ပိုများလာတာလို့လည်း ပြောပါတယ်။ ဒီလို အဆိုးဆုံး ကြုံရတဲ့ ဒေသတွေကတော့ မြန်မာ၊ အစ္စရေးနဲ့ ဂါဇာ ပါလက်စတိုင်းဒေသ၊ ကွန်ဂို၊ ဆိုမားလီးယား၊ နိုင်ဂျီးရီးယားနဲ့ ဆူဒန်နိုင်ငံတွေ ဖြစ်တယ်လို့လည်း ကုလအရာရှိ Gamba က ပြောပါတယ်။ ကမ္ဘာတဝန်းမှာ ၂၀၂၃ ခုနှစ်အတွင်း မြန်မာအပါအဝင် ကမ္ဘာပေါ်က လက်နက်ကိုင်ပဋိပက္ခတွေကြား ကလေးငယ် ၅ ယောက်မှာ တယောက်နှုန်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ရပြီး အကြီးအကျယ် အငတ်ဘေး ဆိုက်နေသူ ၂၅၈ သန်း ရှိတဲ့အကြောင်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း ကုသလမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
Forum