သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလသမဂ္ဂမှာ ဆုံးဖြတ်ချက်ချနိုင်ရေး ဗြိတိန်ဦးဆောင်ကြိုးပမ်း


ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေး

မြန်မာ့ငြိမ်းချမ်းရေးအတွက် ထပ်မံ ကြိုးပမ်း တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂမှာ ချမှတ်နိုင်ဖို့ ဗြိတိန်နိုင်ငံက ဦးဆောင် ကြိုးပမ်းနေပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်က အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်နေတာတွေကို ရှုတ်ချပြီး တရားမဝင် လက်နက် လွှဲပြောင်းတင်ပို့နေတာတွေ ရပ်တန့်ဖို့ ဗြိတိန် ဦးဆောင် ရေးဆွဲတဲ့ အဆိုပြုချက် မူကြမ်းမှာ တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ် အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း နဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေ ပိုမိုများပြားလာတဲ့ တချိန်တည်းမှာ ဒီလို စာနာမှုအကူအညီတွေ မြန်မာနိုင်ငံထဲ ဝင်ရောက်ခွင့် အကန့်အသတ် ဖြစ်နေတာကြောင့် စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ အငတ်ဘေး ကျရောက်မယ့် အခြေအနေ ကြုံနေရတယ်လို့လည်း ဖော်ပြပါတယ်။

ခွဲခြားဆက်ဆံမှုတွေနဲ့ လူမျိုးစုအခြေခံ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုပြီး ဆိုးရွားလာနိုင်တယ်လို့လည်း သတိပေးထားပြီး မြန်မာနိုင်ငံအတွက် လူသားချင်း စာနာမှု အကူအညီတွေ တိုးမြှင့်ပေးကြဖို့လည်း တိုက်တွန်းပါတယ်။ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာမှာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ပါဝင်ပြီး ငြိမ်းချမ်းတဲ့ အဖြေတရပ် ရှာဖွေဖို့နဲ့ ဒီလို ရှာဖွေရာမှာ အရှေ့တောင်အာရှ ၁၀ နိုင်ငံရဲ့ အခန်းကဏ္ဍက အရေးကြီးကြောင်းလည်း ဖော်ပြထားပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလက လုံခြုံရေးကောင်စီမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ အခုအဆိုပြုချက်က အဓိက တိုက်တွန်းတာလည်း ဖြစ်ပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ပထမဆုံး အတည်ပြုခဲ့တဲ့ ၂၀၂၂ ခုနှစ် ဆုံးဖြတ်ချက်မှာတော့ − မြန်မာနိုင်ငံတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြောင်းမဲ့ ဖမ်းဆီးခံထားရသူ အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေ ပြန်လည် လှုပ်ရှားခွင့်ပြုဖို့ တောင်းဆိုထားတာပါ။ အခုအဆိုပြုချက်ကို လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်နိုင်ငံ အားလုံးရဲ့ သဘောတူညီမှုရဖို့ ကတော့ ခက်ခဲနိုင်ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG