သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီတိုသုံးလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို လူ့အခွင့်အရေးမဟာမင်းကြီး ဝေဖန်


 ကုလသ မဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Al-Hussein
ကုလသ မဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Al-Hussein

ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗီတိုအာဏာကိုင်စွဲထားတဲ့နိုင်ငံတွေဟာ ကမ္ဘာမှာအဆိုးဝါးဆုံးလူ့အခွင့်အရေးချိုးဖေါက် မှုတွေနဲ့ပတ်သက်ပြီး ဗီတိုအာဏာသုံးပြီး အကာအကွယ်ပေးနေကြတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်း ကြီးက စွပ်စွဲပြောဆိုလိုက်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ လူ့အခွင့်အရေးကကောင်စီရဲ့နှစ်ပတ်လည်ညီလာခံမှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက ရိုဟင်ဂျာမူဆလင်တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေနဲ့ပတ်သက်ပြီးလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

၃၇ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ နှစ်ပတ်လည်ညီလာခံဖွင့်ပွဲအခန်းအနားကို မနေ့ကဖေဖေါ်ဝါရီလ ၂၆ရက်နေ့တုန်းက ဆွီဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ် António Guterres လည်းတက်ရောက်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မကြာခင်မှာရာထူးကနေ အနားယူတော့မယ့် ကုလသ မဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Zeid Al-Hussein က ရိုဟင်ဂျာအပါအဝင်လူ့အခွင့်အရေးချိုးဖေါက်ခံရမှုတွေ ဆိုးဆိုးဝါးဝါးကြုံနေရတဲ့ နိုင်ငံတွေနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်တားဆီးမှုတွေ သေသေချာချာမလုပ်နိုင်ခဲ့တဲ့ အကြောင်းပြောဆိုခဲ့ပါတယ်။

"ယီမင်၊ ဘရွန်ဒီ၊ မြန်မာနိုင်ငံက ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ စတဲ့နေရာတွေမှာ အခုတလော လူတွေအကြီးအကျယ် သတ်ဖြတ်ခံနေရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဖြစ်ဆိုးတွေကို တိုးပြီးဖြစ်မလာရအောင် လုံလောက်တဲ့ ကြိုတင် ကာကွယ်မှုတွေကို မလုပ်ခဲ့လို့ပါပဲ"

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၃နိုင်ငံရှိတဲ့အထဲမှာ ဗီတိုအာဏာသုံးစွဲခွင့်ရတဲ့ အမြဲတန်းအဖွဲ့ဝင်နိုင်ငံက ၅ခုရှိ ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေပါ။ ဒီနိုင်ငံတွေထဲမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး အကယ်အကွယ်ပေးနေကြတဲ့နိုင်ငံတွေရှိနေတယ်လို့ လူ့အခွင့်အရေးမဟာမင်းကြီး Zeid Al-Hussein က အပြစ်တင်ရှုတ်ချခဲ့ပါတယ်။

"နာကျင်မှုတွေဆက်ပြီးဖြစ်နေရတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့အထဲမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်း အဖွဲ့ဝင် ၅နိုင်ငံလည်း ပါဝင်ပါတယ်။ အပြစ်မဲ့ပြည်သူတွေအပြင်းအထန် ထိခိုက်ပျက်စီးမယ့်အခြေအနေတွေမှာ ကုလသမဂ္ဂ ရဲ့ဆောင်ရွက်မှုတွေ အရေးတကြီးလိုအပ်တဲ့အချိန်မျိုး၊ ထိခိုက်မှုလျှော့သွားအောင်လုပ်ဖို့လိုအပ်နေတဲ့အချိန်မျိုးမှာ အရေး ယူဆောင်ရွက်မှုတွေ တညီတညွတ်ထဲချမှတ်ပြီး မလုပ်ဆောင်နိုင်အောင် ဒီနိုင်ငံ တွေက သူတို့ရဲ့ ဗီတိုအာဏာတွေကိုသုံးပြီး အကာအကွယ်ပေးနေတာပါ။ ထိခိုက်ပျက်စီးမှုတွေကြုံခဲ့ရသူတွေအတွက် ဒီနိုင်ငံတွေမှာ တာဝန်ရှိပါတယ်။"

ရိုဟင်ဂျာကိစ္စအပါအဝင်၊ မြန်မာစစ်အစိုးရခေတ်ဆက်ဆက်လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ဖို့ အဆိုပြုချက်တင်သွင်းခဲ့တဲ့အခါတိုင်း တရုတ်နဲ့ရုရှားနိုင်ငံတွေက သူတို့ရဲ့ဗီတိုအာဏာကိုသုံးပြီးကန့်ကွက်ခဲ့ကြတာပါ။

ဗီတိုငါးနိုင်ငံထဲမှာ ပြင်သစ်နဲ့ဗြိတိန်ကိုတော့ ကျင့်ဝတ်နဲ့အညီဗီတိုကိုသုံးတဲ့နိုင်ငံလို့ လူ့အခွင့်အရေးမဟာမင်းကြီးကချီးကျူး ခဲ့ပါတယ်။ ကျန်တဲ့သုံးနိုင်ငံဖြစ်တဲ့ ရုရှား၊ တရုတ်နဲ့အမေရိကန်နိုင်ငံတွေကိုတော့ ထိခိုက်ပျက်စီးမှုတွေဖြစ်အောင်ဗီတိုအာ ဏာသုံးစွဲမှုတွေကို အဆုံးသတ်ဖို့တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီး Zeid Al-Husseinဟာ လာမယ့် သြဂုတ်လကျရင် သူ့ရဲ့တာဝန် သက်တမ်း ပြည့်လို့ ရာထူးကနေအနားယူတော့မှာပါ။ သူဟာ ဂျော်ဒန်နိုင်ငံရဲ့တော်ဝင်မိ သားစုဝင် မင်းသားတပါးလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဘက်မှုတွေကြောင့် ရိုဟင်ဂျာမူဆလင် တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ချ်ဘက်ထွက်ပြေးကြရတဲ့အဖြစ်ကို Ethnic cleansing ၊ လူမျိုးစုအလိုက်ရှင်းလင်း ဖယ်ရှားမှုလုပ်ရပ်ဖြစ်တယ်လို့ သူက စတင်ပြောဆိုခဲ့တာပါ။

မနေ့ကကျင်းပခဲ့တဲ့လူ့အခွင့်အရေးကောင်စီညီလာရဲ့အဖွင့်မိန့်ခွန်းမှာ အတွင်းရေးမှုးချုပ် အန်တိုနီယိုဂူးတားရပ်စ်က လည်း ရိုဟင်ဂျာတွေဟာ ကမ္ဘာမှာခွဲခြားဆက်ဆံခံနေရတဲ့လူမျိုးစုတွေထဲက တခုဖြစ်ပြီး သူတို့တွေအတွက် အကူအညီ တွေကို ရခိုင်ပြည်နယ်အတွင်းမှာ လွတ်လွတ်လပ်လပ်ပေးနိုင်ဖို့နဲ့ နိုင်ငံတကာကလည်း အကူအညီတွေဝိုင်းပေးကြဖို့ တိုက် တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG