သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီအဖွဲ့ ရခိုင်ပြည်နယ်သွားမည်


ကုလ လုံခြုံရေးကောင်စီအဖွဲ့

ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေး အဖြေရှာသွားမှာ ဖြစ် ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွား ရောက်ကြည့်ရှုခဲ့ကြတဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင် သံတမန်တွေက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ တနင်္လာနေ့ မြန်မာနိုင်ငံရောက်ရှိလာမယ့် သူတို့ခရီးစဉ်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာတွေရဲ့ အခြေအနေကို သွားရောက်ကြည့်ရှုကြမှာဖြစ်ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် သံအမတ် ၁၅ ဦးလုံးလိုက်ပါလာတဲ့အဖွဲ့ဟာ သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း no man’s land မြန်မာ-ဘင်္ဂလားဒေရှ်နယ်စပ်မျဉ်းနေရာအပါအ၀င်Cox’s Bazar ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ကြပါတယ်။ ဒုက္ခသည်အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအ၀င် တာဝန်ရှိသူတွေနဲ့ လည်း တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။ သူတို့ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေအနေကို မနေ့တနင်္ဂနွေနေ့က ဒုက္ခသည်စခန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သံအမတ်အသီးသီးက ပြောဆိုခဲ့ကြပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံကို ဆက်လက်ထွက်ခွာမယ့် ခရီးစဉ်နဲ့ ပတ်သက်လို့လည်း လက်ရှိလုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဌ ပီရူးနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Gustavo Adolfo Meza Cuadra Velasquez က သတင်းထောက်တွေကို အခုလိုပြောပါတယ်။

“ဗဟိုနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေအပါအ၀င် တာဝန်ရှိသူအားလုံးနဲ့ ကျနော်တို့ သေသေချာချာဆွေးနွေးကြမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ကို ကျနော်တို့ သွားကြမှာပါ။ ဒီလိုနေရာအားလုံးက အခြေအနေတွေကို သိပြီးမှ ရှေ့ဘာဆက်လုပ်ရမလဲဆိုတာကို နယူးရောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျနော်တို့ ဆွေးနွေးကြမှာပါ။ လောလောဆယ်မှာ နောက်တချက် ကျနော်အထူးပြောချင်တာက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ခန့်အပ်လိုက်ပြီဆိုတာပါ။ ဒါကြောင့် ဒီအရေးကိစ္စတွေအားလုံးအတွက် ဖြစ်ပေါ်နေတဲ့ အခြေအနေကို ကြည့်ပြီး ကျနော်တို့ အကဲဖြတ်ဖို့ လိုအပ်ပါတယ်။”

ရိုဟင်ဂျာအကျပ်အတည်းကို လုံခြုံရေးကောင်စီအနေနဲ့ အဖြေရှာဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Dmitry Polyansky ကပြောပါတယ်။

“အခုလို ဘင်္ဂလားဒေ့ရှ်မှာရော မြန်မာနိုင်ငံမှာပါ ဖြစ်ပျက်နေတာတွေအားလုံးကို ကျနော်တို့ ကိုယ်တိုင်လာပြီး ကြည့်ဖို့ တကယ့်ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ဒါဟာ နေ့ချင်းညချင်း ဖြေရှင်းလို့ရတဲ့ ပြဿနာမျိုး မဟုတ်ပါဘူး။ ဒါကိုဖြေရှင်းဖို့အတွက် နှစ်နိုင်ငံဆက်ဆံရေးနည်းလမ်းမြှင့်တင်ပေးဖို့ကိုပဲ ကျနော်တို့ ဆက်လုပ်နေရမှာပါ။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအစိုးရတွေကြား အပြုသဘောဆောင်တဲ့ ညှိုနှိုင်းဆွေးနွေးမှုတွေ လုပ်လာစေဖို့ ကျနော်တို့ ၀ိုင်းဝန်းကြိုးစားပေးရမှာဖြစ်သလို လုံခြုံရေးကောင်စီမှာလည်း ဒီပြဿနာအဖြေရှာဖို့ ကျနော်တို့ တတ်နိုင်သလောက် အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။”

ရိုဟင်ဂျာဒုက္ခသည် ၆၀၀၀ လောက်ရှိနေတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မျဉ်းနေရာကို သွားရောက်ကြည့်ရှုပြီး ဒုက္ခသည်အမျိုးသမီး၊ မိန်းကလေးငယ်တွေကို ကိုယ်တိုင်တွေ့ဆုံမေးမြန်းခဲ့တဲ့ဗြိတိန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Karen Pierce ကလည်း သူတွေ့ခဲ့ရတဲ့အခြေအနေကို အခုလိုပြောပြပါတယ်။

“သနားစရာကောင်းတဲ့ ဒီအမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ကြုံတွေ့ခဲ့ရတာတွေနဲ့ အခုဆက်ပြီး ရင်ဆိုင်နေရတာတွေအတွက် အကြီးအကျယ် စိတ်မကောင်းဖြစ်ပါတယ်။ သိပ်သနားဖို့လည်း ကောင်းပါတယ်။ ဒီလိုဖြစ်အောင် လူသားအချင်းချင်းလုပ်ဆောင်တာဖြစ်တဲ့အတွက်လည်း သိပ်ကြောက်စရာကောင်းပါတယ်။ ဒါဟာ သူတို့တတွေ နေရပ်ရင်းပြန်နိုင်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ နည်းလမ်းရှာဖို့ ကြိုးပမ်းတဲ့နေရာမှာ စိန်ခေါ်မှုပမာဏ ဘယ်လောက် ရှိနေလိမ့်မယ်ဆိုတာ ပြနေပါတယ်။”

မိုးရာသီကာလရောက်လာမယ့် အချိန် ရာသီဥတုဒဏ်ကြောင့် ဒုက္ခသည်တွေရဲ့ အခြေအနေ ပိုပြီးဆိုးလာမယ့် အခြေအနေကို အလွန်စိုးရိမ်မကင်းဖြစ်မိကြောင်း ဒုက္ခသည်စခန်းတွေကို ကြည့်ရှု့အပြီး အမေရိကန်ပြည်ထောင်စုဆိုင်ရာ လက်ထောက် ကုလသမဂ္ဂသံအမတ်ကြီး Kelley Currie ကလည်းပြောပါတယ်။

“ဒီဒုက္ခသည်တွေ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြီးမားတဲ့ အလုပ်ကြီးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကြိုးစားလုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မိုးတွင်းကာလရောက်တော့မှာမို့ အခြေအနေတွေ သိပ်ကို ဆိုးလာနိုင်ပါတယ်။ မုတ်သုန်မိုးစတာနဲ့ ပေါ်ပေါက်လာမယ့် အခြေအနေအတွက် ကျမတို့ သိပ်ကို စိုးရိမ်ပါတယ်။”

ရိုဟင်ဂျာပြဿနာဟာ သမိုင်းကြောင်းနဲ့ချီပြီး သိပ်ကိုရှုပ်ထွေးပေမယ့် လက်တွဲအဖြေရှာနိုင်မယ်လို့ မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံဆိုင်ရာ လက်ထောက် ကုလသမဂ္ဂသံအမတ်ကြီး Wu Haito ကသတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“ဒီပြဿနာဟာ သိပ်ကို ရှုပ်ထွေးတဲ့ ပြဿနာပါ။ သမိုင်းကြောင်းနဲ့ချီနေသလို လူမျိုးရေး၊ ဘာာရေးနဲ့လည်း ဆက်နွယ်နေပါတယ်။ ဒီအရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ပါ လက်တွဲလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီပြဿနာပြေလည်ရေး အကူအညီပေးရာမှာ အပြုသဘောဆောင်တဲ့ ကဏ္ဍကနေ အားလုံးကလုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ ပြဿနာအတွက် အဖြေက လွယ်လွယ်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ရင်း နည်းလမ်းရှာနိုင်မယ်လို့ ထင်ပါတယ်။”

ဒီကနေ့ မြန်မာနိုင်ငံကိုရောက်ရှိလာမယ့် လုံခြုံရေးကောင်စီအဖွဲ့ဝင် သံအမတ်တွေကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လက်ခံတွေ့ဆုံဖို့ရှိမယ်လို့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းခရီးစဉ်မှာလည်း အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ရွာတွေကို သွားရောက်ကြည့်ရှုနိုင်ဖို့ မြန်မာအစိုးရဘက်က ရဟတ်ယာဉ်တွေ စီစဉ်ထားတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေရဲ့ လေးရက်ကြာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံခရီးစဉ်ကို ကူဝိတ်၊ ဗြိတိန်နဲ့ ပီရူးနိုင်ငံတွေက ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ကုလအဖွဲ့ ရခိုင်ပြည်နယ်သွားမည်
please wait

No media source currently available

0:00 0:05:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG