သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးရာ ကုလအကြီးအကဲ မြန်မာခရီးစဉ် အဆုံးသတ်


ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလ လက်ထောက်အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ။ (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook)
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကုလ လက်ထောက်အတွင်းရေးမှူးချုပ်တို့ တွေ့ဆုံ။ (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook)

မြန်မာ့တပ်မတော် အနေနဲ့ အကြမ်းဖက်မှု နှိမ်နင်းရေး အတွက် နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှု တခုတည်းနဲ့ အဖြေရှာလို့ မရနိုင်ကြောင်း ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ Jeffrey Feltman က ပြောကြားလိုက်ပါတယ်။ ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောဆိုမှုတွေဟာ လက်တွေ့နဲ့ ပြောင်းပြန် ဖြစ်နေတဲ့အတွက် ဒေသခံတွေက ကျေနပ်မှု မရှိကြကြောင်း မြန်မာနိုင်ငံကို ၅ ရက်ကြာ လာရောက်ခဲ့တဲ့ မစ္စတာ Feltman နဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်အောင်လှိုင်က ပြောဆိုခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ၊ လက်ထောက် အတွင်းရေးမှူးချုပ် Jeffrey Feltman ရဲ့ အောက်တိုဘာလ ၁၃ ရက်ကနေ ၁၇ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရတာဝန်ရှိသူတွေ အပြင် နိုင်ငံတကာ သံအမတ်တွေ၊ NGO တွေနဲ့ အရပ်ဖက် လူမှုအသိုင်းအဝိုင်းက ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ ဒါ့အပြင် NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးပွဲ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။

ဒီလို တွေ့ဆုံရာမှာ ရခိုင်အရေးနဲ့အတူ ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ ကုလသမဂ္ဂ နိုင်ငံရေးရာဌာန အကြီးအကဲ မစ္စတာ ဖဲ့လ်မန်း ရဲ့ ခရီးစဉ် အတွင်း ရခိုင်အရေးအပြင် သြဂုတ်လ ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှုနဲ့ အတူ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေ နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးကြတဲ့ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ အရေးတွေကို အဓိက ဦးစားပေး ဆွေးနွေးခဲ့ပါတယ်။ ရခိုင်မြောက်ပိုင်းအတွက် လူသားချင်း စာနာမှု အကူညီတွေ အတားအဆီး မရှိ အပြည့်အဝ ပေးခွင့်ပြုဖို့နဲ့ ဒုက္ခသည်တွေ သူတို့ သဘောနဲ့သူတို့ဂုဏ်သိက္ခာ ရှိရှိ ဘေးကင်းစွာ နေရပ်ရင်း ပြန်ခွင့်ပြုဖို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres တောင်းဆိုချက်ကိုလည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ ”

ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးနဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစီအစဉ်တွေနဲ့ မူဝါဒတွေ ချမှတ်ဖို့ လုပ်ဆောင်မှာနဲ့ ပတ်သက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံတော်ကို တင်ပြခဲ့တာ အတွက် မစ္စတာ Feltman က ကြိုဆိုလိုက်ပြီး ဒီလို လုပ်ဆောင်မယ့် အလုပ်တွေ အတွက် ထိထိရောက်ရောက် အကူညီပေးနိုင်စွမ်းရှိတဲ့ ကုလသမဂ္ဂရဲ့ အကူညီကို ယူဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့တယ် လို့လည်း ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ARSA အကြမ်းဖက် အဖွဲ့က လုံခြုံရေး ကင်းစခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့ နောက်ပိုင်း တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့တာပါ။ တပ်မတော် အနေနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှု တခုတည်းနဲ့ အကြမ်းဖက်သမား တွေကို နှိမ်နင်းရေး အဖြေရှာလို့ မရနိုင်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံစဉ် အတွင်း မစ္စတာ Feltman က ပြောကြားခဲ့တယ် လို့လည်း ကုလအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရက ပြောပါတယ်။

“ ကုလသမဂ္ဂရဲ့ အတွေ့အကြုံအရ အကြမ်းဖက် နှိမ်နင်းရေး လုပ်ဆောင်ရာမှာ နယ်မြေရှင်းလင်းရေး လုပ်တာ တခုတည်းနဲ့ အဖြေရှာလို့ မရနိုင်ကြောင်း တပ်မတော် အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာ ကုလ နိုင်ငံရေးရာ အကြီးအကဲက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်အကြံပေး ကော်မရှင်ရဲ့ အကြံပြုချက်တွေ အတိုင်း လုပ်ဆောင်ပေးဖို့နဲ့ ရခိုင်ဒေသမှာ တာဝန်ကျတဲ့ လုံခြုံရေး တာဝန်ခံတွေ လူ့အခွင့်ရေး ချိုးဖေါက်နေတယ် ဆိုတဲ့ စွပ်စွဲမှုတွေ အတွက် ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပေးဖို့ပါ တိုက်တွန်းခဲ့ပါတယ်။ ပြစ်မှု ကျူးလွန်သူတွေကို အရေးယူပေးဖို့နဲ့ ရခိုင်ဒေသနေ လူမှု အသိုင်းဝိုင်းတွေကြား ကြောက်ရွံ့မှုနဲ့ မယုံကြည်မှုတွေ ပပျောက်သွားအောင် ခွဲခြားမှု မရှိဘဲ တရားဥပဒေနဲ့ အညီ လုပ်ဆောင်ပေးပါလို့ အလေးအနက် ပြောကြားခဲ့ပါတယ်။ ”

ကုလသမဂ္ဂ၊ နိုင်ငံတကာ အကူအညီအဖွဲ့တွေနဲ့ သတင်းသမားတွေက ရိုဟင်ဂျာ မူစလင်တွေကို မြန်မာအစိုးရ တပ်တွေ သတ်ဖြတ်၊ မုဒိန်းကျင့်တာနဲ့ နေအိမ်မီးရှို့တာတွေ လုပ်ဆောင်တယ် ဆိုပြီး စွပ်စွဲခဲ့ကြသလို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ အကြီးအကဲက ဒါဟာ လူမျိုးတုန်း သတ်ဖြတ်မှု အနေနဲ့ ပြဌာန်းရမယ့် နမူနာ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ဒီပြောကြားချက်တွေဟာ ရခိုင်အရေး အတွက် သမိုင်းကြောင်းကို ပြန်မကြည့်ဘဲ ဝေဖန်နေသလို ဒါဟာ လက်တွေ့နဲ့ မကိုက်ညီဘဲ ပြောင်းပြန်ဖြစ်နေတဲ့ အတွက် ဒေသခံတွေက မကျေနပ်ကြကြောင်း မစ္စတာ Feltman နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က သူ့ရဲ့ ဖေ့စ်ဘုတ် လူမှု ကွန်ယက်မှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ် ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သမိုင်းကြောင်း အချက်အလက် ပြည့်ပြည့်စုံစုံ သိပါမှ ဖြေရှင်း ဆောင်ရွက်နိုင်မှာ ဖြစ်သလို လတ်တလော ဖြစ်ပွါးခဲ့တဲ့ သြဂုတ်လ ၂၅ ရက် ဖြစ်စဉ်ဟာ ရဲစခန်း ၃၀ နဲ့ တပ်ဌာနချုပ် တခုကို ARSA အဖွဲ့က အကြမ်းဖက် တိုက်ခိုက်တာကို ခံခဲ့ရတာ ဖြစ်ကြောင်းနဲ့ ခုထိ အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်လုပ်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေကြောင်း ရှင်းပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ စည်းမျဉ်း ဥပဒေ ကျော်လွန်တဲ့ လုပ်ဆောင်မှုတွေ မရှိတဲ့ အပြင် စည်ကမ်း ဖေါက်ဖျက်သူ ရှိပါက ဥပဒေနဲ့ အညီ အရေးယူမှာ ဖြစ်ကြောင်းလည်း မစ္စတာ Feltman ကို ပြောကြားခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်း ဒေသကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ နိုင်ငံရေးရာ အကြီးအကဲဟာ မကြာသေးခင်က အကြမ်းဖက်မှုတွေ ဖြစ်ပွါးခဲ့ရာ ဒေသက လူမှု အသိုင်းအဝိုင်းတွေကို သွားရောက် တွေ့ဆုံခဲ့သလို မီးရှို့အဖျက်ဆီး ခံခဲ့ရတဲ့ ရွာတွေကို ရဟတ်ယာဉ်နဲ့ သွားရောက် ကြည့်ရှုခဲ့တာပါ။ ဒါ့အပြင် ၂၀၁၂ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တဲ့ စစ်တွေက IDP ဒုက္ခသည် စခန်းတွေကိုပါ သွားရောက်ခဲ့ပြီး ရခိုင်အရေး အကြံပေးကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာပါ အကြံပြုချက်တွေ အတိုင်း အကောင်အထည် ဖေါ်ရေးအတွက် အကူညီတောင်းရင် ကုလသမဂ္ဂကပေး နိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒုက္ခသည်တွေ အရေး သာမက အကြမ်းဖက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေရဲ့ အကျိုးဆက်တွေကို ခံကြရသူတွေ အတွက် ရေရှည် အဖြေရှာနေတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံစလုံးကို ကုလသမဂ္ဂက ကူညီပံ့ပိုးမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂ ရုံးချုပ်ရှိရာ နယူးယောက်ကို ပြန်ရောက်တဲ့ အခါ မစ္စတာ Feltman ဟာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ကို အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG