သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ပြဿနာတွေကြောင့် မြန်မာ့အရေး မျက်ခြေမပြတ်ဖို့ ကုလတိုက်တွန်း


(Zawgyi / Unicode)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းတွေ ကြီးထွားလာနေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် နိုင်ငံတကာ ပြဿနာတွေကြောင့် အာရုံစိုက်မှုတွေ လျော့မသွားဖို့ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု မြောက်နိုင်တဲ့အထိ စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက် ကျုးလွန်နေကြောင်း ကုလသမဂ္ဂက အစီရင်ခံစာ ထုတ်ပြန်လိုက်တဲ့ တချိန်တည်းမှာပဲ မြန်မာ့အရေး ဆက်လက် အာရုံစိုက်ကြဖို့ တိုက်တွန်းလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာ ၁ နှစ်ကျော်ကြာ ရှိလာချိန်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပေါ်ပေါက်နေဆဲ ဖြစ်တာကြောင့် နိုင်ငံတကာ အသိုင်းအဝန်းက ဆက်လက် အာရုံစိုက် ဖြေရှင်းကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်တာပါ။ ယူကရိန်းကို ရုရှားက ကျုးကျော်တိုက်ခိုက်မှုအပါအဝင် ကမ္ဘာ့ရေးရာ ကိစ္စတွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံအရေးမှာ အာရုံစိုက်မှုတွေ လျော့လို့ မဖြစ်ဘူးလို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး လက်ထောက်ပြောခွင့်ရ Farhan Haq က နယူးယောက် ကုလသမဂ္ဂရုံးချုပ်က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

“ယူကရိန်းအရေးလို ကြီးမားတဲ့ ပြဿနာကြီးတွေကြောင့်၊ မြန်မာ့အရေး အပါအဝင် ကမ္ဘာကြီးမှာ ရင်ဆိုင်နေရတဲ့ တခြားပြဿနာ ပေါင်းစုံအပေါ် နိုင်ငံတကာ အသိုင်းအဝန်းက အာရုံပြောင်းသွားတာမျိုးကို ကျနော်တို့ အနေနဲ့ မလိုလားဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေချင်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့လည်း တာဝန်ရှိတဲ့အတိုင်း သက်ဆိုင်သူတွေနဲ့ ဆက်သွယ်ဆောင်ရွက် သွားမှာပါ။ သိကြတဲ့အတိုင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာရုံး အနေနဲ့လည်း မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ ဆက်လက် စုံစမ်းသွားမှာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ်ထဲ အာဏာသိမ်းခဲ့တဲ့ လုပ်ရပ်နဲ့ လတ်တလော တိုက်ခိုက်မှုတွေ အပေါ်မှာလည်း ဆက်လက် အကဲဖြတ်သွားမှာ ဖြစ်ပါတယ်။”

ကုလသမဂ္ဂ အနေနဲ့ စစ်တပ်က အာဏာသိမ်း ဖယ်ရှားခဲ့တဲ့ အရပ်သား အစိုးရခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့နဲ့ ဖြုတ်ချခံခဲ့ရတဲ့ အရပ်သားအစိုးရ ပြန်လည်အုပ်ချုပ်ခွင့်ရဖို့ လိုလားကြောင်းလည်း ကုလသမဂ္ဂ ပြောခွင့်ရ ပုဂ္ဂိုလ်က သတင်းထောက်တွေကို ပြောပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေဆဲဖြစ်ကြောင်း အင်္ဂါနေ့ အစောပိုင်းမှာပဲ သတိပေးခဲ့တာပါ။ ကုလသမဂ္ဂ လူ့အခွင့်ရေး ကောင်စီကို တင်ပြဖို့ ပြုစုထားတဲ့ အစီရင်ခံစာသစ်မှာတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဖော်ပြထားကြောင်းလည်း လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရ Ravina Shamdasani က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ရုံးချုပ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေကို စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ကျုးလွန်နေပြီး၊ တချို့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်တာ တွေ့ရပါတယ်။”

ကုလသမဂ္ဂ အစီရင်ခံစာကိုတော့ ကိုယ်တိုင်ကြုံခဲ့သူတွေ၊ မျက်မြင်တွေ့ရှိသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ လူပေါင်း ၁၅၅ ယောက်ကို မေးမြန်းစုံစမ်းပြီး၊ ဂြိုဟ်တုဓာတ်ပုံတွေ၊ သတင်းမီဒီယာ အထောက်အထားတွေ၊ သတင်းအချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ပြုစုထားတာပါ။ လေ့လာတွေ့ရှိချက်တွေအရ အရပ်သားတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်လို့ ယူဆနိုင်ကြောင်း အစီရင်ခံစာ ပြုစုသူတွေ ကောက်ချက်ချထားတယ်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးရုံး ပြောခွင့်ရက ပြောပါတယ်။

“လူနေထူထပ်တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ အရပ်သားတွေကို တမင်သက်သက် ပစ်မှတ်ထားတာ၊ တချို့ဆိုရင် ခေါင်းကိုအပစ်ခံရတာ၊ မီးရှို့သတ်တာ၊ မတရားဖမ်းဆီးတာ၊ ညှင်းပမ်းနှိပ်စက်တာ၊ လူသားဒိုင်းအဖြစ် အသုံးချတာတွေ အပါအဝင် မြန်မာစစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အသက်တွေကို တန်ဘိုးမထားတဲ့ လုပ်ရပ်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။”

လွန်ခဲ့တဲ့ ၁ နှစ်ကျော်အတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေနဲ့ ကြုံရပေမဲ့ ပြည်သူလူထုဟာ စိတ်ဓာတ်ခိုင်မာနေဆဲဖြစ်ပြီး၊ ဒီမိုကရေစီနဲ့ အများပြည်သူ ဆန္ဒကိုထင်ဟပ်တဲ့ အဖွဲ့အစည်းတွေ ပြန်လည်ပေါ်ပေါက်ရေး သန္နိဌာန် ခိုင်မာနေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

မြန်မာစစ်အာဏာပိုင်တွေဖက်ကတော့ လတ်တလော ကုလသမဂ္ဂရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ တုံ့ပြန်တာ မရှိသေးပေမဲ့ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ ဖော်ပြချက်တွေဟာ လက်တွေ့ အခြေအနေနဲ့ ကိုက်ညီမှု မရှိဘူးဆိုပြီး အရင်တုန်းက တုံ့ပြန်ခဲ့ဖူးပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံးကတော့ မြန်မာလုံခြုံရေးအာဏာပိုင်တွေဟာ စစ်ဆင်ရေးတွေအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ နေအိမ်အဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေကြောင်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံမှာ စစ်တပ်က ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)












XS
SM
MD
LG