သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီ ရိုဟင်ဂျာအရေး စုံစမ်းဖို့ နိုင်ငံတကာအဖွဲ့စေလွှတ်ရေး ဆုံးဖြတ်ချက်ချ


U.N. Human Rights Council ဂျနီဗာအစည်းအဝေးကျင်းပရာ ခန်းမ။
U.N. Human Rights Council ဂျနီဗာအစည်းအဝေးကျင်းပရာ ခန်းမ။

လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို အချက်အလက် ရှာဖွေစုံစမ်းဖို့ နိုင်ငံတကာအဖွဲ့တဖွဲ့ စေလွှတ်ရေး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဒီကနေ့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ ဥရောပသမဂ္ဂ (EU) က ကမကထလုပ်ပြီး၊ အမေရိကန် အပါအဝင် နိုင်ငံတော်တော်များများရဲ့ ထောက်ခံမှုနဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီမှာ အများသဘောနဲ့ ဆုံးဖြတ်ချက် ချခဲ့တာပါ။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးထင်လင်း ကတော့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေကိုပါ တွေ့ဆုံမေးမြန်းမှုတွေ အပါအဝင် မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ ကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်ပြီး၊ သြဂုတ်လမှာ အစီရင်ခံစာထုတ်ပြန်ဖို့ ရှိနေချိန်မှာ အခုလို ဆုံးဖြတ်တာဟာ လက်ခံနိုင်စရာ မရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်စခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက်၊ လုံခြုံရေးအာဏာပိုင်တွေရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြရတယ်လို့ဆိုတဲ့ လူပေါင်း ၇ သောင်းခွဲလောက်ထဲက ရိုဟင်ဂျာမူဆလင် ၂၂၀ လောက်ကို မေးမြန်းစုံစမ်းထားတဲ့ အစီရင်ခံစာတစောင်ကိုတော့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ လထဲမှာပဲ ထုတ်ပြန်ထားတာပါ။ အစီရင်ခံစာထဲမှာတော့ အဓမ္မပြုကျင့်မှု၊ သတ်ဖြတ်မှုတွေ အပါအဝင် လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု မြောက်နိုင်လောက်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း ဖော်ပြထားတာပါ။

ဒါပေမဲ့လည်း မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေကို ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက်နေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှု ကျုးလွန်သူတွေကို အရေးယူမှာဖြစ်ကြောင်းလည်း ကတိပြုပြောကြားထားတာပါ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးထင်လင်း ကတော့ လက်တွေ့ အခြေအနေတွေနဲ့ ကိုက်ညီမှုမရှိပဲ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အဖြစ် လူ့အခွင့်အရေးကောင်စီရဲ့ လုပ်ရပ်ကို ဒီကနေ့ပဲ ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch ကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားဖို့ ကုလသမဂ္ဂရဲ့ ကြီးမားတဲ့ ခြေလှမ်းတရပ်အဖြစ် လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG