သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှာ ပြည်တွင်းပြည်ပ စိုးရိမ်


Myanmar Struggling Economy
Myanmar Struggling Economy

= =[[ Zawgyi ]]= =

ကပ်ရောဂါနဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် မြန်မာ့စီးပွားရေးထိခိုက်မှာ ပြည်တွင်း၊ ပြည်ပ စိုးရိမ်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး အကျပ်အတည်းတွေကြောင့် နောက်ဆက်တွဲ စီးပွားရေးအပေါ် ရိုက်ခတ်လာမယ့် အန္တရာယ်အတွက် ပြည်တွင်း၊ ပြည်ပ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ကပ်ရောဂါအပြင်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် နိုင်ငံလူဦးရေ ထက်ဝက်နီးပါး ဆင်းရဲမှုနဲ့ ကြံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က သတိပေးလိုက်သလို မြန်မာနိုင်ငံသားတွေနဲ့ စီးပွားရေး ပညာရှင်တွေကြားမှာလည်း စိုးရိမ်တဲ့သဘောထားတွေ ထွက်ပေါ်နေတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုငငံမှာ တနှစ်ကျော်ကြာ ကိုဗစ်ကပ်ရောဂါဒဏ်ကနေ စီးပွားရေးလုပ်ငန်းတွေ ပြန်လည် နာလန်ထူဖို့ ကြိုးစားနေရချိန်မှာပဲ ဒီနှစ်ဆန်းပိုင်းမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် အခြေအနေတွေ ပိုဆိုးလာနေတာပါ။ စီးပွားရေးမြို့ဖြစ်တဲ့ မန္တလေးမှာ အာဏာသိမ်းပြီးနောက်ပိုင်း လူတွေ အလုပ်ကိုင်ရှားလာတာ စီးပွားရေး ကျဆင်းတာတွေ ကြုံနေရတယ်လို့ မန္တလေးမြို့ခံ အငြိမ်းစားကျောင်းဆရာ ဦးငြိမ်းမောင်က ပြောပါတယ်။

" အခု မန္တလေးမြို့မှာဆိုရင် ထမင်းအဝစား ကျပ်(၅၀၀)နဲ့ ရောင်းတဲ့ဆိုင်မှာ တအားပဲ လူတွေ တိုးနေကြတာလေ။ ဒါကို ကြည့်မယ်ဆိုရင် လူတွေဟာ ဘယ်လောက်ထိ ကျပ်တည်းနေတယ်ဆိုတာ သိသာလှတယ်။ နောက်တချက်က အလုပ်အကိုင်တွေကလည်း ရှားလာတာပေါ့နော်။ ဆီဈေးတွေက တဂါလံကို ၅၀၀၀ ကျော်အထိ တက်သွားတဲ့အခါကျတော့ စီးပွားရေးက ကျပ်တည်းတယ်လို့ပဲ ဆိုရမှာပေါ့ဗျာ။ စီးပွားရေးဆိုတာ နိုင်ငံရေးနဲ့လည်း ဆိုင်တယ်ဆိုတော့လေ နိုင်ငံရေး ကောင်းမှပဲ စီးပွားရေး ကောင်းမယ်လို့ မြင်ပါတယ်။ "

ရန်ကုန်လို မြို့ကြီးမှာတောင် လူအတော်များများရဲ့ နေ့စဉ်ဘဝမှာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင် ဖြတ်သန်းနေရတာ သိသာလာတယ်လို့ တာမွေမြို့က အိမ်ရှင်မ ဒေါ်သင်းသူဇာက ပြောပါတယ်။

" အခုဟာက ရှာဖွေစားသောက်ရတာ တော်တော် ခက်ခဲနေပြီ၊ အလုပ်အကိုင်ကလည်း ရှားပါးလာတယ်။ အရင်ထက်ကို စားဝတ်နေရေးက ပိုဆိုးလာတယ်ပေါ့။ ပထမတချက်က ကိုဗစ် - ကိုဗစ်ဖြစ်တဲ့အချိန်မှာ အခက်ခဲဖြစ်နေတာကနေ ဒီအာဏာလည်း သိမ်းလိုက်ကော ပိုဆိုးသွားတာပေါ့။ အဲဒီ နှစ်ခုလုံးကြောင့်လည်း ဒီ မြို့ပြပေါ်မှာ ရှိနေတဲ့လူတွေရဲ့ စားဝတ်နေရေးက အကုန် ခက်ခဲလာပြီပေါ့နော်။ ပြောင်းလဲသွားရင်တော့ တမျိုးပေါ့ ၊ မပြောင်းလဲပဲ ဒီတိုင်း ဆက်သွားနေမယ်ဆိုရင်တော့ ထမင်းရည် သောက်ရမယ့် အဆင့်မျိုးကို တချို့ဆို ရောက်သွားနိုင်တယ်။ "

UNDP ရဲ့ စစ်တမ်းတွေအရ ကိုဗစ်ကြောင့်ရော ၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့်ပါ လာမယ့်နှစ်ထဲ မြို့ပြလူဦးရေရဲ့ ဆင်းရဲမွဲတေမှုက လူဦးရေ ၃ ဆလောက် တိုးလာမယ်လို့ ဖော်ပြထားသလို၊ လူဦးရေ ထက်ဝက်လောက်ဟာ ဆင်းရဲမွဲတွေမှု သတ်မှတ်ချက်အဆင့်ထက် နိမ့်ကျနိုင်တယ်လို့ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကစ ကပ်ရောဂါဒဏ် ခံနေရချိန်မှာပဲ ဒီနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းလိုက်တာကို ဆန့်ကျင်အုံကြွမှုတွေကြောင့် မတည်မငြိမ် အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပြောင်းလဲအောင် မလုပ်နိုင်ရင် ကုလသမဂ္ဂ ခန့်မှန်းထားသလို ဆင်းရဲမွဲတေမှုတွေ ကြုံရလိမ့်မယ်လို့လည်း ရန်ကုန်မြို့က စီးပွားရေးလေ့လာသုံးသပ်သူ တဦးက VOA ကို ပြောပါတယ်။

" လူထုရဲ့ ဆင်းရဲမွဲတေမှုက အခုလို စစ်တပ် အာဏာသိမ်းလိုက်တဲ့အခါ တိုင်းပြည်ရဲ့ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး အရာရာ ထိခိုက်သွားတဲ့ အချိန်မှာ မြို့ပြလို ဆင်းရဲချမ်းသာ အရမ်းကွာဟတဲ့နေရာတွေမှာ သုံးဆ တိုးလာမယ်၊ တနိုင်ငံလုံး အခြေအနေအရ ထက်ဝက်လောက် ရှိမယ်ဆိုတာက အများကြီးဖြစ်နိုင်ပါတယ်။ လက်တွေ့မှာ ဘယ်လို ဖြစ်နေသလဲ ဆိုရင် လူထုရဲ့ ငွေသုံးစွဲနိုင်စွမ်းက အများကြီး လျော့သွားတယ်။ ဝင်ငွေ လျော့သွားတယ် သုံးစွဲနိုင်စွမ်း လျော့သွားတယ်။ လျော့သွားတဲ့အတွက် အဟာရပြည့်အောင် စားသောက်နိုင်ခြင်း မရှိတော့ဘူး။ အခြား လူမှုဒုက္ခကနေ သက်သာဖို့ နည်းလမ်းရှာနိုင်တဲ့ အခြေအနေလည်း အများကြီးလျော့သွားတယ်။ လူအများ လုပ်ခဝင်ငွေ ရနိုင်တဲ့ ဆောက်လုပ်ရေးတို့ အထည်ချုပ်လုပ်ငန်းတွေကတော့ သိသိသာသာ ကျဆင်းသွာတယ်။ အကုန်လုံး ရပ်သွားတယ်။ မြို့ထဲက လမ်းတွေမှာ စီးပွားရေးလုပ်ငန်းလေးတွေ ဆိုင်တွေဆိုရင် တဝက်လောက်ပဲ ဖွင့်နိုင်တာ တွေ့ရတယ်။ "

ဒီလို ဆင်းရဲမွဲတေတဲ့ လူဦးရေ တိုးပွားလာမယ့် အကျပ်အတည်းကို ရှောင်ရှားဖို့ ဆိုရင် နိုင်ငံရေးအရ လုံလောက်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုတယ်လို့ စီးပွားရေးသုံးသပ်သူ ရန်ကုန်မြို့ခံက ပြောပါတယ်။

" နိုင်ငံရေးအရ မကြေနပ်မှုကြောင့် ၊ နောက်တခါ ရောဂါဘေးကြောင့် ဖြစ်တော့ကာ ဒါကို နောက်ပြန် ပြန်သွားရမှာပဲ၊ ရောဂါဘေးကို ဘယ်လိုနည်းနဲ့ ရင်ဆိုင်မလဲ ၊ နိုင်ငံရေးအရ လုံလောက်တဲ့ အပြောင်းအလဲ ပြန်လုပ်ပြီးတော့ ဖြေရှင်းမှပဲ ရမယ်လို့ ကျနော်ထင်တယ်။ အဲလိုမှ မဟုတ်ပဲ တစိတ်တပိုင်း ဖြေရှင်းတဲ့ပုံစံမျိုးဆိုရင်တော့ မလွယ်ဘူး ။ ဒါက အထွေထွေ အကျပ်တည်းမျိုးသွားနေတာကိုး။ ပြောင်းလဲနိုင်မှ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေမျိုးကို ရှောင်နိုင်မယ်လို့ ထင်ပါတယ်။"

UNDP ရဲ့ စစ်တမ်းမှာတော့ မြန်မာနိုင်ငံ မြို့ပြ အိမ်ထောင်စုရဲ့ သုံးပုံတပုံခန့်ဟာ စုဆောင်းငွေ မရှိကြတော့သလို ၊ မြို့ပြအိမ်ထောင်စုရဲ့ ၂၇ ရာခိုင်နှုန်းလောက်ဟာလည်း သွားလာရေးအတွက် သုံးနေရတဲ့ ကိုယ်ပိုင် မော်တော်ဆိုင်ကယ်တွေကိုပါ ရောင်းစားနေရပြီလို့ ဖော်ပြထားပါတယ်။ ဝဝလင်လင် မစားရတာ၊ အာဟာရချို့တဲ့တာ ၊ ဆင်းရဲလွန်းတာတွေကနေ ဖြစ်လာမယ့် ကိုယ်ခန္ဓာ ချို့ယွင်းမှုနဲ့ မသန်စွမ်းမှုတွေကြောင့် မျိုးဆက် တခုလုံး ဆုံးရှုံးရလိမ့်မယ်လို့လည်း UNDP စစ်တမ်းမှာ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

= ={{ Unicode }}= =













XS
SM
MD
LG